မိုးစပါးစိုက်တောင်သူ(၃၀၀၀)ကျော်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ခရိုင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ငါးသောင်းကျော် ထုတ်ချေးပေးမည်

မြိတ်   မေ    ၁၂

လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများရရှိစေရေးအတွက် နိုင်ငံတော် မှ စိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါးစိုက်ပျိုးကြမည့် မြို့နယ်များရှိ တောင်သူ(၃၀၀၀)ကျော်အား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (မြိတ်ခရိုင်ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ငါးသောင်းကျော်ကို ထုတ်ချေးပေးသွားမည်ဖြစ်ကာ ယနေ့ နံနက်ပိုင်းမှစတင်၍ မြိတ်ခရိုင်ဘဏ်ခွဲတွင် တောင်သူများအား စတင်ထုတ်ချေးပေးသည်။

မြိတ်ခရိုင်ဘဏ်ခွဲမှ မြိတ်၊ ကျွန်းစု၊ ဘုတ်ပြင်းမြို့နယ်များရှိ ယခုနှစ် မိုးစပါးစိုက်တောင်သူ (၃၀၁၁)ဦးကို လယ်ဧက(၁၈၆၄၆)ဧကအတွက် (၅၅၉၃၈)သိန်း ထုတ်ချေးပေးရန်လျာထားပြီး တောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိသည်။ ထိုသို့ ထုတ်ချေးပေးရာတွင် တောင်သူတစ်ဦးလျှင် လယ်တစ် ဧကတွင် ကျပ်သုံးသိန်းနှုန်းထုတ်ချေးပေး၍ အများဆုံးလယ်(၁၀)ဧကအထိ အတိုးနှုန်းကိုတစ်နှစ်လျှင် (၅)ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်သည်။

စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးရာတွင် မြိတ်ခရိုင်ဘဏ်ခွဲမန်နေဂျာ ဦးမင်းနိုင်က တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းကြားကြပြီး မြန်မာ့အာမခံလုပ်ငန်း ခရိုင်တာဝန်ခံ ဦးထွန်းလွင်က ရာသီဥတုအခြေပြု သီးနှံအာမခံအကြောင်းအရာများကို ရှင်းလင်းပြောကြား၍ အလယ်ချောင်းကျေးရွာအုပ်စုနှင့် ပပြင်ကျေးရွာအုပ်စုရှိ တောင်သူ(၂၈)ဦးအား လယ်(၂၀၉)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ(၆၂၇)သိန်းကို စတင်ထုတ်ချေးပေးသည်။ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မြိတ်မြို့နယ်တောင်သူ(၂၃၈၅)ဦး၊ ကျွန်းစုမြို့နယ်တောင်သူ(၅၉၉)ဦး၊ ဘုတ်ပြင်းမြို့နယ်တောင်သူ(၂၇)ဦးကို မြို့နယ်များအလိုက် သတ်မှတ်ရက်များအတိုင်း မြိတ်ခရိုင်ဘဏ်ခွဲမှ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 ခိုင်ထူး(ပြန်/ဆက်)