ထားဝယ်မြို့၌၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်း အခမ်းအနားကျင်းပ

ထားဝယ်  မေ ၁၂

ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း ၁၀၀ ကာလအတွင်းဆောင်ရွက်မည့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်ဘဏ်ခွဲ၌ကျင်းပသည်။

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တိုင်းဒေသကြီးမန်နေဂျာ ဦးခင်မောင်စိုးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်တောင်သူလယ်သမားများ၏ ဝင်ငွေနှင့်လူမှုစီးပွားရေးဘဝ တိုးတက်ရေးကိုရည်ရွယ်ပြီးတောင်သူများအတွက်လိုအပ်သော ငွေကြေးအရင်း အနှီးကို နိုင်ငံတော်ကိုယ်စား ဖြည့်ဆည်းကူညီပေးနေသည့် ဌာနအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက််တိုင်းဒေသကြီးမန်နေဂျာက ရပ်ကွက်/ ကျေးရွာ(၂)အုပ်စုမှ အဖွဲ့ဝင်တောင်သူလယ်သမား (၃)ဦးအား စပါးစိုက် ဧက (၁၇)ဧကအတွက် ချေးငွေ(၅၁)သိန်းကို ထုတ်ချေးပေးသည်။

၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ရပ်ကွက်/ကျေးရွာအုပ်စု(၈)အုပ်စုမှ အဖွဲ့ဝင်တောင်သူ လယ်သမား(၂၆)ဦး၏ မိုးစပါးစိုက်ဧက (၁၅၁)ဧကအတွက်တစ်ဧကနှုန်း သုံးသိန်းနှုန်းဖြင့် ချေးငွေ(၄၅၃) သိန်း ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မေလ ၂၆ ရက်နေ့တွင်ကျေးရွာအုပ်စု (၆)အုပ်စုမှ အဖွဲ့ဝင် တောင်သူလယ်သမား(၂၃)ဦးအား စပါးစိုက်ဧက(၁၃၄)ဧကအတွက် ချေးငွေ (၄၀၂)သိန်းကိုလည်း ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)