ထားဝယ် မေ ၁၂
တနင်္သာရီတိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၌ယာဉ်မောင်းလိုင်စင်အသစ်လာရောက် လျှောက်ထားသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စာတွေ့၊ လက်တွေ့ စစ်ဆေးခြင်းများ မဆောင်ရွက်မီယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးသင်တန်းများဖွင့်လှစ်ပို့ချပေးပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းများကို နိုင်ငံတော်အစိုးရ၏ရက် ၁၀၀ ကာလ ပထမဆုံးလဖြစ်သည့် ဧပြီလအတွင်း ဆိုင်ကယ်မောင်းလိုင်စင် လျှောက်ထားသူများ (၄) ကြိမ်၊ သုံးဘီးဆိုင်ကယ်လိုင်စင်လျှောက်ထားသူများ (၂) ကြိမ်နှင့် မော်တော် ယာဉ်မောင်းလိုင်စင် လျှောက်ထားသူများ (၂)ကြိမ်၊ စုစုပေါင်း (၈) ကြိမ် ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ထိုသို့ယာဉ်မောင်းသူများတွင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများအပြင်ထားရှိရမည့် စိတ်နေသဘောထား၊ တာဝန်နှင့်ကျင့်ဝတ်များကို သိရှိလိုက်နာစေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းများကိုဖွင့်လှစ်၍ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာမည်ဖြစ်ပြီး ယာဉ်မောင်း လိုင်စင်ကို ကိုင်ဆောင်၍ မော်တော်ယာဉ်ကို အများပြည်သူဆိုင်ရာနေရာများတွင် မောင်းနှင်အသုံးပြုရာ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာလာနိုင်မည်ဖြစ်သဖြင့် ယာဉ်မတော်တဆမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုတို့ လျော့နည်းကျဆင်းလာမည်ဖြစ်သည်။
ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများ လုပ်ငန်းခွင်မပျက် ယာဉ်မောင်းလိုင်စင်လျှောက်ထားရယူနိုင်ရန်အတွက် လစဉ် ဒုတိယ ပတ်စနေနေ့များတွင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး သင်တန်းများ ဖွင့်လှစ်၍ စာတွေ့နှင့်လက်တွေ့စစ်ဆေးခြင်းများကိုလည်း အထူးအစီအစဉ်အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)