မိုင်းပျဉ်းမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးမွေးမြူရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း မေ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၌ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးမွေးမြူရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခြင်းကို ၂၀၂၆ ခုနှစ် ယနေ့နံနက်ပိုင်းက ယမ်းမိုင်ကျေးရွာအုပ်စု၊ ယမ်း‌မိုင်ကျေးရွာ ဘက်စုံသုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မိုင်းပျဉ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးထက်က မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးနိုင်ရေး၊ သဘာဝသစ်ဆွေးမြေဩဇာများ ပြုလုပ်သုံးစွဲပုံအဆင့်ဆင့်နှင့် တစ်ဧကအထွက်နှုန်း ပိုမိုမြှင့်မားရေးတို့အတွက်လည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်သန်းက ကျွဲ၊ နွား၊ ကြက်၊ ဝက် စသဖြင့် မွေးမြူကြရာ၌ ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဖြစ်ပွားတတ်သော ရောဂါအမျိုးအစားများအကြောင်းတို့ကိုလည်းကောင်း အလှည့်ကျဆွေးနွေး ဟောပြောကြရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလောင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝိုးစိန်တို့က ရှမ်းဘာသာများဖြင့် ပြန်လည်ရှင်းလင်း ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့်  စိုက်ပျိုးမွေးမြူရေးအသိပညာပေး ကွင်းဆင်း‌ရာ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝိုးစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက်၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့မှ စုပေါင်းကွင်းဆင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး၊ ယမ်းမိုင်ကျေးရွာ ကျေးလက်ပြည်သူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။

နန်းသန္တာဦး(ပြန်ဆက်)