လားရှိုး မေ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမင်းမင်းစံက အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ညှဉ်းပန်းနှိပ်စက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုများအကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ ဥပဒေအရအရေးယူနိုင်သည်များ အား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ရာ ဦးစီးအရာရှိ ဒေါ်အေးမင်းမင်းစံက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)