ပင်းတယမြို့ရှိ အထင်ကရနေရာများသို့ အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် ၂၀၂၆ ခုနှစ်၊ Grade - 10 လူရည်ချွန်မောင်မယ်လေးများ လာရောက်လေ့လာလည်ပတ်

ပင်းတယ မေ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်းသို့ ရောက်ရှိနေသည့် ၂၀၂၆ ခုနှစ်၊ Grade - 10 လူရည်ချွန်မောင်မယ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ အထင်ကရနေရများသို့ လာရောက်လေ့လာလည်ပတ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘင်ခရာတပ်ဖွဲ့များ၊ ပန်းဘွားဖွဲ့ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက ပန်းစည်းများဖြင့်လည်းကောင်း၊ နိုင်ငံတော်အလံငယ်များ၊ ရှမ်းပြည်နယ်အလံငယ်များ၊ လူရည်ချွန်အလံငယ်များ ဝှေ့ယမ်း၍လည်းကောင်း၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့်လည်းကောင်း၊ အိုးစည်ဗုံမောင်းများတီးမှုတ်၍ ကြိုဆိုခဲ့ကြ‌ကြောင်း သိရသည်။

ရှေးဦးစွာ လူရည်ချွန်မောင်မယ် ကျောင်းသား၊ ကျောင်းသူများ၊ လိုက်ပါလာသည့် တာဝန်ရှိသူများက ပင်းတယမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားသို့ သွားရောက်ကာ ရွှေဥမင်သဘာဝလိုဏ်ဂူအတွင်းရှိ ဘုရားများအားဖူးမြှော်ကန်တော့ကြပြီး ဘုရားရွှေသင်္ကန်းများ ကပ်လှူ‌ပူဇော်ကြခြင်း၊ ပန်းရေချမ်းများ ဆက်ကပ်လှူဒါန်ခြင်း၊ အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်းစသည့် ကောင်းမှုကုသိုလ်များဆောင်ရွက်ကြ၍ လိုဏ်ဂူအတွင်း ဝင်ရောက်လေ့လာခဲ့ကြကြောင်းနှင့် အမှတ်တရမှတ်တမ်းဓါတ်ပုံများရိုက်ကူးခြင်း၊ ရွှေဥမင်ဘုရားတောင်ပေါ်ကနေ ပင်းတယမြို့အလှရှုခင်းတို့ကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ လူရည်ချွန်မောင်မယ်လေးများက ပင်းတယမြို့ သဘာဝပုန်းတလုတ်ရေကန်သို့ သွားရောက်လေ့လာခဲ့ကြပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြတ်ရတနာခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် Grade – 10 လူရည်ချွန်မောင်မယ်များအား ပင်းတယမြို့မှ နွေးထွေးစွာကြိုဆိုပါ၏ အခမ်းအနားသို့သွားရောက်ခဲ့သည်။ အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက တွေ့ဆုံနှုတ်ခွန်းဆက်အမှာစကားပြောကြားပေးပြီး၊ ဒေသဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များနှင့်အတူ နေလည်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရပြီး မွန်းလွဲပိုင်းတွင် လူရည်ချွန်မောင်မယ် ၁၃၂ ဦး၊ ကြီးကြပ်ဆရာ၊ ဆရာမ ၁၈ ဦးနှင့် လိုက်ပါလာကြသည့် တာဝန်ရှိသူများမှ စခန်းချတည်းခိုရာ ခေါင်တိုင်လူရည်ချွန်စခန်းသို့ ပြန်လည်ထွက်ခွာခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)