ဆီဆိုင်မြို့မဈေးတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ဆီဆိုင် မေ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် မြို့မဈေးရှိ ဈေးသူဈေးသားများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံမှုရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဈေးမီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါဈေး၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မျိုးလှိုင်က မီးဘေးလုံခြုံရေး ကြိုတင်ဆောင်ရွက်ထားရှိရမည့်အချက်များ၊ မီးသတ်ဆေးဘူးအသုံးပြုနည်းအကြောင်းများကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များက   ဈေးဆိုင်ခန်းများအတွင်း လျှပ်စစ်ဝါယာသွယ်တန်းမှုများ၊ ရေကန်များစစ်ဆေးပြီး ဈေးသူဈေးသားများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်အတွက်  လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းတို့ကို လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မီးဘေးလုံခြုံရေးအသိပညားပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်နေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခွန်ကျော်ရန်၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုအသင်းအဖွဲ့များ၊ မြို့မဈေးကော်မတီအဖွဲ့ဝင်များနှင့် ဈေးသူဈေးသားများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)