ရှမ်းပြည်နယ်၊ ရပ်စောက်မြို့၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ညောင်သုံးပင်ခြံတွင် ပဲပုပ် (၁၄) မျိုး ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုပညာပေးကွင်းသရုပ်ပြပွဲဆောင်ရွက်

ရပ်စောက် မေ ၈

စိုက်ပဖိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု ညောင်သုံးပင်ခြံတွင် ဒေသနှင့်ကိုက်ညီသော ပဲပုပ်မျိုးကောင်းမျိုးသန့်ရရှိစေရေးနှင့် တောင်သူများ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်ရေးအတွက် မျိုး(၁၄) မျိုးယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှုအား တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယနေ့မန်နံနက်ပိုင်းကကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်စန္ဒာလင်းမှ အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်မျိုးစေ့တာဝန်ခံမှ မျိုးအလိုက်ယှဉ်ပြိုင်ထားရှိမှုအပေါ်ရှင်းလင်းဆွေးနွေးခြင်း၊ ပြည်နယ်သီးနှံကာကွယ်ရေးတာဝန်ခံမှ ဘက်စုံကာကွယ်နှိမ်နှင်းနည်း စနစ်၊ ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲနည်းများရှင်းလင်းခြင်း၊ ခြံဦးစီးမှူးမှ မျိုး(၁၄) မျိုးယှဉ်ပြိုင် ထားရှိမှုအပေါ်ဆောင်ရွက်ထားရှိမှုအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့သည်။ တောင်သူများအား စိုက်ခင်းအတွင်းကွင်းဆင်းကြည့်ရှုစေခြင်း၊ မေးမြန်းချက်အား ဖြေကြားခြင်း၊ တောင်သူနှစ်သက်သော မျိုးများရွေးချယ်စေခြင်းဆောင်ရွက်ခဲ့ရာ GXSB 2025-5 ၊ AB-1301-4-1-1၊ GXSB 2020-3 မျိုးများအား ကြိုက်နှစ်သက်မှုရှိ‌ကြောင်းသိရသည်။ အဆိုပါကွင်းသရုပ်ပြပွဲသို့ဝန်ထမ်းများ၊ တောင်သူများ စုစုပေါင်း (၅၈) ဦးတက်ရောက်ခဲ့ပြီး တောင်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ပိုးသတ်ဆေးဖျန်း ကာကွယ်ဝတ်စုံများဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်ပြန်/ဆက်