ကျောက်ပန်းတောင်းမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်ဖြင့် အခြေခံမွေးမြူရေးသင်တန်း ဖွင့်လှစ်

ကျောက်ပန်းတောင်း မေ ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေပြည်သူများ မွေးမြူရေး အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် မှန်ကန်သည့် မွေးမြူရေးနည်းလမ်းကောင်းများ ရရှိစေရန်ရည်ရွယ်၍ အခြေခံမွေးမြူရေး သင်တန်းဖွင့်ပွဲကို၊ မေ ၆ ရက်နေ့ နံနက် ၉ နာရီက ပြည်တော်သာရပ်ကွက်၊ ကျောက်ပန်းတောင်း-ပုပ္ပားလမ်းဘေးရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသန်းထွန်းလင်းက သင်တန်း ဖွင့်အမှားကားပြောကြား၍ သင်တန်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး၊ သင်တန်းဖွင့်ပွဲကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ သင်တန်းတွင် နွား၊ ဆိတ်၊ ဝက်၊ ကြက်အစရှိသည့် တရိစ္ဆာန်များနှင့် ပတ်သက်သည့် အခြေခံမွေးမြူရေးနည်းလမ်းများ၊ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများ၊ ဇီဝလုံခြုံမှုတို့မြှင့်ရေးနှင့် အားဖြစ်စေသည့် အဟာရများအကြောင်းတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပေးသွားမည့်အပြင် မွေးမြူရေးခြံများအား ကွင်းဆင်းလေ့လာခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများအား လက်တွေ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဒေါက်တာ သန်းထွန်းလင်းထံမှ သိရသည်။

အဆိုပါအခြေခံမွေးမြူရေးသင်တန်းကို လက်ပံပျားကျေးရွာ၊ ယင်းမာကုန်းကျေးရွာ၊ ဝက်ချုပ်ကုန်းကျေးရွာ၊ လှည်းပြည့်တောင်ကျေးရွာတို့မှ သင်တန်းသား သင်တန်းသူ ၂၀ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ ၃ ရက်ဖြစ်ကြောင်း သိရပြီး၊ သင်တန်းဖွင့်ပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)