မိုင်းရယ်မြို့နယ် နားခိုကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မိုင်းရယ် မေ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် နားခိုကျေးရွာအုပ်စု၊ နားခိုကျေးရွာရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် ဖွင့်လှစ်ပေးသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ညွန့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းကော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးနှင့် ဝန်ထမ်းများ၊ နားခိုကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က အမှာစကားများ အသီးသီးပြောကြားကြပြီး မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဆောင်ရွက်မည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ အဆိုပါ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်သမားသင်တန်းကို မေ ၅ ရက်မှ ၁၉ ရက်နေ့အထိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာကြီးကြပ်မှုဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)