တောင်ကြီးမြို့နယ်၊ လင်း‌လေကျေးရွာ၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်‌နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

တောင်ကြီး မေ ၅

ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေ‌ရန် ရည်ရွယ်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆောင်ရွက်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က တောင်ကြီးမြို့နယ်၊ လင်းလေကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပဆောင်ရွက်သည်။

ဦးစွာ အခမ်းအနားတွင် တောင်ကြီးမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ကြည်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရန် ယခုသင်တန်းကဲ့သို့ အ‌ခြေခံကျသည့် နည်းပညာသင်တန်းများကို ပိုင်ပိုင်နိုင်နိုင် လေ့လာသင်ယူသွားကြရန်လိုအပ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်ကြားပေးသည့် အခြေခံပညာကောင်းများပေါ်မူတည်၍ ကိုယ်တိုင်တီထွင်ကြံဆမှုများဖြင့် အကောင်းဆုံးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊  နိုင်ငံတော်အစိုးရ၏ အစိုးရသစ်ကာလ ရက်(၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဦးစီးဌာနမှ ရှေ့ဆက်ဆောင်ရွက်မည့်စီမံချက်များ၊ လျာထားချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်းကောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းကျင်း(ခ)နန်းစိန်၊ တောင်ကြီးမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ကြည်၊ တောင်ကြီးမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဆောင်းရွှေနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှာ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးတို့က ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းကျင်း(ခ)နန်းစိန်၊ တောင်ကြီးမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ကြည်၊ တောင်ကြီးမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဆောင်းရွှေနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးနှင့်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ သင်တန်းသူများစုစုပေါင်း(၈၀)ဦး တက်ရောက်ခဲ့ပြီး၊ သင်တန်းကာလမှာ အခြေခံစက်ချုပ်နည်းပညာသင်တန်းအား မေလ(၅)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိလည်းကောင်း၊ မွမ်းမံစက်ချုပ်နည်းပညာသင်တန်းအား ဇွန်လ(၆)ရက်နေ့မှ (၁၅)ရက်နေ့အထိ၊ သင်တန်းသူ(၁၅)ဦးဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသူများထဲမှ ထူးချွန်သင်တန်းသူ(၅)ဦးအား ရွေးချယ်၍ ရက်(၁၀၀)အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်ရန် ကူညီဆောင်ရွက်ပေး၍ လုပ်ငန်းသုံးပစ္စည်းများအား သုံးစွဲခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေ(ပြန်/ဆက်)