လွိုင်လင် မေ ၅
ပြည်ထဲရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀)နာရီက လွိုင်လင်မြို့ သာသနာ့ဗိမာန်ဓမ္မာရုံတွင် ကျင်းပပါသည်။
ဦးစွာ ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းဆင်းပွဲ မစမီယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများက ဘုရားရှိခိုးခြင်း၊ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ တရားထိုင်ခြင်းများကို ဆောင်ရွက်ကြသည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက သင်တန်းဆင်းအမှာစကား ပြောကြားပြီးနောက် သင်တန်းနည်းပြဆရာ ဆရာမများနှင့် အလှူငွေများလှူဒါန်းပေးကြသည့် ဌာနဆိုင်ရာများကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကို ဆုချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းတို့ကိုလည်းကောင်း အစီအစဉ်အတိုင်း ဆောင်ရွက်ပြီးနောက် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းလိုက်သည်။
အဆို ယဉ်ကျေးလိမ္မာသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လွိုင်လင်မိုး