မြစ်သား မေ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေအောင်စိုး ဦးဆောင်၍ ကျန်းမာရေးဆရာမများနှင့်သားဖွားဆရာမများမှ မြို့ပေါ် ၆ ရပ် ကွက်ရှိကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ် ခွဲအောက်ကလေးငယ်များအား မေ ၄ ရက် နံနက် ၉နာရီအချိန်ကစတင်ပြီး လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်း မာရေးဌာနရုံးခန်းတွင် ဆောင်ရွက်သည်။
ထိုသို့ ထိုးနှံတိုက်ကျွေးပေးရာတွင် မြို့ပေါ် ၆ ရပ်ကွက်ရှိ မွေးကင်းစမှ ၁ နှစ်ခွဲအောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမေးရောင်ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ဘီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး များကိုအသက်အရွယ်အပိုင်းအခြားအလိုက်ထိုးနှံတိုက် ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေး ဆရာမများနှင့်သားဖွားဆရာမတို့က ကိုယ်ဝန်ဆောင် မိခင်များနှင့်မွေးကင်းစမှ ၁ နှစ်ခွဲအောက်ကလေးငယ်များအား လစဉ်သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဝါဝါမြင့် (မြစ်သား)