ပုလောမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး  နည်းပညာပေးသင်တန်းဖွင့်လှစ်

ပုလော  မေ   ၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများပညာပေးသင်တန်းကို မေ ၄ ရက်နံနက်ပိုင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သည်။

အဆိုပါ ပညာပေးသင်တန်းတွင် ပုလောမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသော်ဇင်ထွန်းက  မိုးစပါးစိုက်ပျိုးသော တောင်သူများအား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးကောင်း မျိုးသန့်သုံးစွဲ၍  ရေသွင်း/ရေခမ်း စနစ်ကျင့်သုံးရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာစိုက်ပျိုးနိုင်ရေး၊ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ အချိန်ကိုက် အချိုးကျ ထည့်သွင်းနိုင်ရေးနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းလမ်းများ လိုက်နာကျင့်သုံးနည်းများကို  သင်ကြားပို့ချသည်။

အဆိုပါ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ရမည့် နည်းလမ်းပညာပေးသင်တန်းကို မိုးစပါးစိုက်ပျိုးသော တောင်သူ ၄၅ ဦးတက်ရောက် လေ့လာခဲ့ကြောင်း သိရသည်။

ပုလော( ပြန်/ဆက်)