တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး အသက်(၁၈)နှစ်အောက် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

ထားဝယ်   မေ ၄

၂ဝ၂၆ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တနင်္သာရီ တိုင်းဒေသကြီးအသက်(၁၈)နှစ်အောက် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကိုယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ၂၀၂၆ခုနှစ်၊ မေလ (၁၉)ရက်၌ ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲကိုသွား ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ အသက်(၁၈)နှစ်အောက်ဘောလုံးအသင်းအားကစားသမားများ အနေဖြင့် ကျန်းမာရေး ကောင်းမွန်မှု၊  စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းကောင်းမွန်မှု၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို ဂရုပြုဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဘောလုံးအားကစားနည်းတွင် အောင်မြင်မှုအနေဖြင့်(၂၀၁၈)ခုနှစ်အတွင်း ကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၇)နှစ်အောက် ဘောလုံး ပြိုင်ပွဲတွင်ဒုတိယဆု၊ အသက်(၁၉)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲတွင်တတိယဆုနှင့် အသက် (၂၁)နှစ်အောက်ပြည်နယ်နှင့်တိုင်းဒေသကြီးဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးရရှိခဲ့သောကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ထပ်မံပြီးအောင်မြင်မှုရရှိလာပါက ယခုထက်ပိုမိုချီးကျူးဂုဏ်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင်က ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့်ပြိုင်ပွဲကျင်းပမည့်ဒေသသို့ သွားရောက်မည့်အခြေအနေအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး အသက် (၁၈) နှစ်အောက် ဘောလုံးအသင်းသို့ အောင်နိုင်ရေးအလံ ပေးအပ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အသက်(၁၈)နှစ်အောက် ဘောလုံးအသင်းသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ချီးမြှင့်‌ငွေကျပ်(၄၄)သိန်း၊ တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်ငွေကျပ် ၂၂ သိန်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)