မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန် က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ  ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က မြို့ဝင်/မြို့ထွက်ဂိတ်များတွင် စနစ်တကျစစ်ဆေး ဆောင်ရွက်ရေး၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များမှ အလုပ်သမားများ ခေါ်ဆောင်ရာတွင် သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံသို့ အသိပေး အကြောင်းကြားစေရေး၊  ကာကွယ်ဆေး ထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်မှုများ စီစဉ်ဆောင်ရွက်ရေး၊ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သော ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့ရာတွင် ပြည်သူများ လက်ဝယ်ရောက်ရှိစေရန် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေး အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျ က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မြို့ဝင်၊ မြို့ထွက် ဂိတ်များတွင် ကုန်တင်ယာဉ်များအပြင် မော်တော်ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာသူများအား စစ်ဆေးဆောင်ရွက်ရေး၊ Stay at Home သတ်မှတ်ထားသောမြို့နယ်များမှ ဝင်ရောက်လာသူများအား Quarantine ထားရှိရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးရောက်ရှိလာပါက ဆေးထားရှိရန် နေရာပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့ကို တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော် က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)