မြင်းခြံ မေ ၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ဆန္ဒတော်ပြည့်စေတီတော်(ဒုတိယအကြိမ်) ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်လှည့်လည်ပူဇော်ခြင်းကို ယနေ့ နံနက် ၇ နာရီကစတင်၍ မြင်းခြံမြို့အတွင်း လှည့်လည်ပူဇော်လျက်ရှိကြောင်း သိရသည်။
ဆန္ဒတော်ပြည့်စေတီတော်သည် ဂရင်းနစ်စံချိန်ဝင် မင်းကွန်းဆရာတော်ဘုရားကြီး ဦးဝိစိတ္တသာရာဘိဝံသ၏ ဆန္ဒတော်အရ တည်ထားတော်မူသော စေတီတစ်ဆူဖြစ်သည်။ ဆန္ဒတော်ပြည့် စေတီတော်(ဒုတိယအကြိမ်) ထီးတော်ခြင်းမပြုလုပ်မီ မြင်းခြံမြို့အတွင်းရှိ မိဘပြည်သူများပူဇော်နိုင်ရေးအတွက်ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့အား လှည့်လည် ပူဇော်ခြင်းဖြစ်ပြီး ထီးတော်တင်ပွဲအား မြန်မာသက္ကရာဇ် ၁၃၈၈ ကဆုန်လဆုတ် ၉ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)