မိုင်းယောင်း ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများ ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အဆင့်ဆင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ရွေးချယ်ခြင်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများကို Power P0int ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ မေးမြန်းမှုကို ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့သည်။
မိုင်းယောင်းမြို့နယ်တွင် ရပ်ကွက် ၁၀ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၁၂ အုပ်စုရှိပြီး လက်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များကို ၂၀၂၁ ခုနှစ် ဧပြီ ၁ ရက်တွင် ရွေးချယ်ခန့်အပ်သွားမည် ဖြစ်သည်။
အဆိုပါ ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ လုပ်ငန်းများအား မြို့နယ်/မြို့အဆင့် ဌာနဆိုင်ရာများ၊ ဘာသာစကားကျွမ်းကျင်သူ(စကားပြန်)များဖြင့် အဖွဲ့ ၁၁ ဖွဲ့ခွဲ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် တာဝန်ခွဲဝေချထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း