စဉ့်ကူး မေ ၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကို ထုတ်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက် (၉)နာရီခွဲအချိန်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါရက် (၁၀၀) စီမံချက်ဖြင့် အသက် (၁၀) နှစ်နှင့် (၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးနေခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကူးမြို့နယ်ဦးစီးမှူး ဦးလှထွေး ဦးဆောင်သော ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ UID CARD ပြုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပေးလျက်ရှိသို့ စဉ့်ကူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်း၊ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီ ရဲမှူး ထွန်းထွန်းနိုင်တို့က လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ ဆက်)