ပျော်ဘွယ် မေ ၂
ပျော်ဘွယ်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာများသို့ သွားရောက်၍ နွားမွေးမြူသည့်တောင်သူများအား အသိပညာပေးဟောပြောခြင်း၊ ဒေသနွားနှင့်နို့စားနွားများအား ကာကွယ်ဆေးထိုးနှံခြင်းကိုဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက ဖက်တောကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဗိုလ်ဗိုလ်ထွေးနှင့် ဝန်ထမ်းများက ဒေသနွားနှင့် နို့စားနွားများတွင် ဖြစ်ပွားတတ်သောရောဂါများအကြောင်း အသိပညာပေးဆွေးနွေးဟောပြောကာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး လည်ချောင်းကွဲရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
စီမံချက်ကာလအတွင်း မြို့နယ်အတွင်းရှိ သနပ်ခါးတောအုပ်စု၊ ညောင်ရွှေအုပ်စု၊ ချောင်းမကြီးအုပ်စု၊ ရန်အောင်အုပ်စု၊ ထရံကာအုပ်စု၊ ဖက်တောအုပ်စုများတွင် ကျွဲ၊ နွားကောင်ရေ ၉၁၀ အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိကျေးရွာများသို့လည်း သွားရောက်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မေထုန်မဲ့သားစပ်ခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)