ကျောက်မဲ မေ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အောင်ဆုပန်ကျောင်းတိုက်၌ ဖွင့်လှစ်ခဲ့သည့် ပရိယတ္တိသဒ္ဓမ္မပါလ နွေရာသီမွမ်းမံသင်တန်း (PSS-9) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် နမ့်စစ်လင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမနာလင်္ကာရထံမှ သြဝါဒတရား နာယူကြပြီး သင်တန်းသားသာမဏေများက သျှမ်း၊ မြန်မာ၊ အင်္ဂလိပ်၊ ပါဠိ ဘာသာများဖြင့် ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆောင်ရွက်ရာ ထူးချွန်ဆုရရှိသည့် သာမဏေငါးပါးအား ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်နှင့် တာဝန်ရှိသူများက ဆုနှင့်သင်တန်း ဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယင်းနောက် အောင်ဆုပန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမကက ဝမ်းမြောက်စကား ချီးမြှင့်ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ အဆိုပါသင်တန်းကို မတ် ၁၈ ရက်မှ ဧပြီလကုန်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောက်မဲ၊ ပြင်ဦးလွင်၊ နောင်ချိုနှင့် သီပေါမြို့နယ်များမှ သာမဏေအပါး ၃၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်