မူဆယ် မေ ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မူဆယ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခုတင်(၁၀၀)ဆံ့ မူဆယ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် မူဆယ်ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေဝင်းတိုးမှ ဦးဆောင်၍ ခရိုင်နှင့်မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၂၀)ဦးနှင့်၊ မြို့ပေါ်(၉)ရပ်ကွက်မှ အရန်မီးသတ် တပ်ဖွဲ့ဝင်(၅၀)ဦးတို့မှ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းခြင်းနှင့် ဆေးရုံဝင်းအတွင်းနှင့် အပြင်ဘက်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ သွေးလှူဒါန်းနေသည့် မူဆယ်မြို့ အမျိုးသားသွေးလှူဘဏ်သို့ မူဆယ်ခရိုင် မီးသတ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေဝင်းတိုးနှင့် မြို့နယ်ဦးစီးမှူးတို့က သွားရောက်အားပေးခဲ့ကာ အာဟာ၍ဖြည့် ကြက်ဥ၊ အချိုရည်နှင့် ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယနေ့သွေးလှူဒါန်းမှုမှာ ၁၅ ဦး ဖြစ်ကြောင်းနှင့် ဆေးရုံတွင်တက်ရောက်၍ ဆေးကုသနေသူများနှင့် သန့်ရှင်းရေး ဆောင်ရွက်နေသူများကို မီးသတ်ဦးစီးဌာနမှ ထမင်းဘူး (၁၅၀) ဘူးအား ဝေငှခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်