ညောင်ဦး မေ ၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ သူဌေးကန်ကျေးရွာ၊ ဓမ္မကာရီသီလရှင် ကျောင်းတွင် မေ ၂ ရက်၊နံနက် ၇ နာရီအချိန်က သာသနာ့ရောင်ခြည် သီလရှင်စာသင်တိုက်မှ သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရ ဆရာလေး မဇာနေသီအားဂုဏဝိသိဋ္ဌ ချီးကျူး ဂုဏ်ပြုပူဇော်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
ချီးကျူးပူဇော်ပွဲအခမ်းအနားတွင် သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရ ဆရာလေး မဇာနေသီအား အခမ်းအနားသို့ပင့်ဆောင်ကာ သာသနာ့ရောင်ခြည်သီလရှင်စာသင်တိုက်မှ သာမဏေကျော် တတိယဆင့် ဆရာလေး မပုညဓမ္မေသီက ပလ္လင်ပင့်ဂါထာတော်ဖြင့်ရွတ်ဆိုပင့် ဆောင်သည်။ ထို့နောက် ဗီဒီယိုသရုပ်ဆောင်တေးသံရှင် ခေတ်ဆုသျှင်က ထူးမခြားနား သီချင်းဖြင့်ဂုဏ်ပြု သီဆိုပူဇော်သည်။
ဆက်လက်၍ သမထီးကျောင်းဆရာတော်ကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး ပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြ သည်။ ထို့နောက် သာသနာ့ဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ မဇာနေသီ၏ ဘဝဖြတ်သန်းပုံ ရတုပိုဒ်စုံဖြင့် ဗွီဒီယိုသရုပ်ဆောင်တေးသံရှင် ခေတ်ဆုသျှင်ကပူဇော်ကာ၊ လောကနန္ဒာ ဆရာတော် ဘဒ္ဒန္တမေဃိယ (နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)ထံက အနုမောဒနာ တရားနာယူကြည်ညိုကြပြီး၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်ထံမှကောင်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းပေးဝေသည်။
ပြီးနောက် သာသနာ့ဓဇဓမ္မာစရိယဘွဲ့ရ ဆရာလေးမဇာနေသီအား ညောင်ဦးမြို့တွင်း ကားတန်း ဖြင့် လှည့်လည်ကြည်ညိုအပူဇော်ခံခဲ့ကြောင်းသိရသည်။
ဒီပါလင်း