မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ(အမျိုးသား/ အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ချမ်းအေးသာစံ မေ ၁

မျိုးဆက်သစ်လူငယ်များ အားကစားအဆင့်အတန်းမြင့်မားစေရေး၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေး၊ လက်ရွေးစင်ကစားသမားများ ပေါ်ထွန်းလာစေရေးတို့အတွက် ရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မေလတစ်ရက်နေ့ နံနက်ပိုင်းက ဗထူးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီးနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အားကစားများက အားကစားသစ္စာအဓိဌာန် လေးချက်အား ရွတ်ဆိုခဲ့ကြပြီး ဝန်ကြီးချူပ်ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက အားကစားသမားများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် ဝန်ကြီးများက အောင်မြေသာစံခရိုင်အသင်းနှင့် အမရပူရခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှူများအား ကြည့်ရှုအားပေးခဲ့သည်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၂၅ နှစ်အောက်(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကာလကို မေလ တစ်ရက်နေ့မှ မေလ ငါးရက်နေ့အထိ သတ်မှတ်ထားပြီး ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၁ သင်းနှင့် အမျိုးသမီးအသင်းရှစ်သင်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)