ကဆုန်လပြည့်(ဗုဒ္ဓ)နေ့တွင် မန္တလေးမြို့အနှံ့ ဗောဒိညောင်ပင်များအား ညောင်ရေသွန်းလောင်းသူများ၊ စတုဒိသာကုသိုလ်ပြုသူများဖြင့် စည်ကားများပြား

ချမ်းအေးသာစံ  မေ ၁

ကဆုန်လပြည့်(ဗုဒ္ဓ)နေ့သည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရား စေတီ၊ ပုထိုးများတွင် ဗုဒ္ဓဘိသေကအနေကဇာတင် လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများကျင်းပခြင်း၊ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်များ လောင်းလှူခြင်း၊ ဓမ္မစကြာဝတ်အသင်းများမှ ရွတ်ဖတ်ပူဇော်ခြင်း၊ စတုဒိသာများဖြင့် ဧည့်ခံကုသိုလ်ပြုခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။

ဧပြီလ ၃၀ရက်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်ရှိ ဘဝမင်းရှင်မင်းတုန်း မင်းကြီးတည်ထားကိုးကွယ်ခဲ့သော မဟာသကျမာရဇိန်ကျောက်တော်ကြီး ဘုရားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး ညောင်ရေသွန်းလောင်းပွဲ အခမ်းအနားကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အဖွဲ့ တက်ရောက်ကြပြီး ညောင်ရေသွန်းလောင်းပူဇော်ပွဲလာ ကျောင်းသား၊ ကျောင်းသူများ၊ ဘုရားဖူးလာ ဧည့်ပရိသတ်တို့အား နှုတ်ဆက်ကာ ဘုရားပရိဝုဏ်ရှိ ဗောဓိညောင်ပင်များတွင် ဘုရားဖူးပြည်သူများနှင့်အတူ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)