ထားဝယ် မေ ၁
မေလ ၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ဖတ်ကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ကျွန်းစုမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးများမှ မှတ်ပုံဝင် ကုန်တင်ကုန်ချအလုပ်သမား (၁၂၄) ဦးအား တစ်ဦးလျှင် ဆန် ၁၂ ပြည်နှင့် ဆီ (၁) လီတာနှုန်းဖြင့် ချီးမြှင့်ငွေ ၁၀,၅၉၁,၀၀၀ (တစ်ရာငါးသိန်းကိုးသောင်းတစ်ထောင်) ကျပ် အားပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အလုပ်သမားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်း Video Clip နှင့် အလုပ်သမားဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့်အဖွဲ့တို့၏ အလုပ်သမားရေးရာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ အလုပ်သမားရေးရာ ဥပဒေစာအုပ်များနှင့် လက်ကမ်းစာစောင်များ၊ စာအုပ်စာတမ်းများ ပြသထားမှုအား လှည့်လည်ကြည့်ရှု အားပေးသည်။
နိုင်ငံတော်က စီးပွားရေးကဏ္ဍ၌ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိရာ မြို့တော်ခန်းမအတွင်း ခင်းကျင်းပြသထားသည့် တိုင်းဒေသကြီးအတွင်းမှ ဒေသအလိုက် ထွက်ရှိသည့် ဒေသထွက်ကုန်နှင့် ဒေသထွက်စားသောက်ကုန်များ၊ ကုန်ကြမ်းများ၊ MSME ထုတ်ကုန်ပစ္စည်း အရောင်းပြခန်းတွင် လုပ်ငန်းရှင်များမှ ထုတ်လုပ်သော ဒေသထုတ်ကုန်ပစ္စည်းများ၊ ဒေသထွက်သစ်သားများ၊ တန်ဖိုးမြင့် ရေရှည်စားသောက် ကုန်ပစ္စည်းများ၊ စုစုပေါင်းအရောင်းပြခန်း (၃၂) ခန်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)