ဟားခါး မေ ၁
ချင်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကဆုန်ညောင်ရေသွန်းပွဲတော် အခမ်းအနားကို ဟားခါးမြို့ သာသနာ့ရက္ခိတ တပ်ဦးကျောင်းဓမ္မာရုံ၌ ကျင်းပရာ ဟားခါးမြို့ ထန်တလန်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဟားခါးမြို့ ကျောဘုတ်သာသနာပြုကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တပညောဘာသ အရှင်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် သံဃာတော်အရှင်သူမြတ်များအတွက် လှူဒါန်းသည့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများအား ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးမြတ်စံနှင့်ဇနီး၊ ချင်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသန့်စင်ဦး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးနှင့်ဇနီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် စစ်ဗျူဟာ(အခြေချ) (ဟားခါး) မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်းတို့က သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဟားခါးမြို့ ကျောဘုတ်သာသနာပြုကျောင်းဆရာတော်ထံမှ ကဆုန်လပြည့် “ဗုဒ္ဓနေ့” သိမှတ်ဖွယ်ရာများ နာယူကြည်ညိုပြီး ဟားခါးမြို့ ဇေတဝန်တောရစာသင်တိုက်နှင့် တရား ဓမ္မရိပ်သာကျောင်းတိုက်၏ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တပဏ္ဍဝထံမှ အနုမောဒနာတရားနာယူ၍ ပြုပြုသမျှကုသိုလ်ကောင်းမှုများအတွက် ရေစက်ချအမျှပေးဝေကာ ရတနာရွှေမိုးငွေမိုး ရွာသွန်းဖြိုးသည်။
ယင်းနောက် ချင်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်ဗျူဟာ(အခြေချ) (ဟားခါး) စစ်ဗျူဟာမှူးနှင့် ဧည့်ပရိသတ်များက ဟားခါးမြို့ သာသနာ့ရက္ခိတ တပ်ဦးကျောင်းအတွင်း တည်ထားကိုးကွယ်သည့် ကကုဿန်စေတီတော်မြတ်ကြီးအား လှည့်လည်ပူဇော်ပြီးနောက် မဟာဗောဓိပင်အား ကဆုန်ညောင်ရေသွန်းလောင်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)