ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် နမ္မနကျေးရွာရှိ မဟာလောကနန္ဒာစေတီတော်ရွှေထီးတော်တင်လှူပွဲနှင့် ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာပွဲသို့ တက်ရောက်

မြစ်ကြီးနား မေ ၁

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့၌ နှစ်စဉ်မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့ သီတာရပ်ကွက် အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ ကဆုန်လပြည့် ဗုဒ္ဓနေ့နှင့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စေတီတော်ပုရဝုဏ်အတွင်း၌ ကဆုန်လပြည့် ဗုဒ္ဓနေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်သံဃနာယကအကျိုးတော်ဆောင်၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်ပဓာနနာယက ဆရာတော် အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တကေတုလာ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ကြသည်။

ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ကိုးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ထံမှ ကဆုန်လပြည့် ဗုဒ္ဓနေ့ နှင့် မဟာဗောဓိပင်၌ ဆင်ယင်ကျင်းပသည့် ညောင်ရေသွန်းပွဲတော်နှင့် စပ်လျဉ်းသည့် သြဝါဒအနုမောဒနာ တရားတော်ကို နာယူခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပွဲတော်ဆင်ယင် ကျင်းပမှုအခြေအနေများနှင့် စပ်လျဉ်း၍ လျှောက်ထားတင်ပြသည်။

ထို့နောက် ဝတ်အသင်းအဖွဲ့များက ဦးဆောင်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ ရှစ်လုံးဘွဲ့ကဗျာများကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြသည်။

ယင်းနောက် ရိုးရာအစဉ်အလာနှင့်အညီ စေတီတော်ပုရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်၌ ဝတ်အသင်းအဖွဲ့များ ဦးဆောင်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် များ၊ ဒေသခံပြည်သူများက ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိ သူများက ညောင်ရေသွန်းလောင်းလာရောက်ကုသိုလ်ပြုသူ ပြည်သူများအား စတုဒိသာဖြင့် ဧည့်ခံကျွေးမွေးပေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများသည် မိုးကောင်းမြို့ နယ်နမ္မနကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း ကိန်းဝပ်စံပ္ပါယ်တော်မူသော မဟာလောကနန္ဒာ စေတီမြတ်ကြီး ရွှေထီးတော်တင်လှူပူဇော်ပွဲနှင့် ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ ရေစက်ချ အလှူမင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကာ ဒေသခံ ကချင်မျိုးနွယ်စုများ၊ ရှမ်းတိုင်းရင်းသားမျိုးနွယ်စုများ နှင့်အတူ ရင်းရင်းနှီးနှီး လိုက်လံမိတ်ဆက်တွေ့ဆုံခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ရေကန် ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် ရွှေထီးတော်၊ ငှက်မြက်နားတော် တင်လှူပူဇော်မည့် မဟာလောကနန္ဒာ စေတီတော်မြတ်ကြီးအား လှည့်လည်ကြည်ညိုပူဇော်ခဲ့ကြပြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး အလှူရှင် များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် သဘာဝဘေးသင့် ပြည်သူများနှင့် ယာယီတိမ်းရှောင်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်း အနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နမ္မတီးမြို့ခံပြည်သူများ၊ မြို့အတွင်းရှိ ယာယီတိမ်းရှောင်ပြည်သူများအား အားပေးအမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မိုးကောင်းမြို့နယ်အတွင်း မိုးကောင်း၊ နမ္မတီးမြို့တို့အပါအဝင် ကျေးရွာများတွင် လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးသည်း ထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်းတို့ကြောင့် နေအိမ်၊ အဆောက်အအုံများ ထိခိုက်ခဲ့ရသည့် ယာယီတိမ်းရှောင်မိသားစုများနှင့် ဘေးသင့်ပြည်သူများ အပါအဝင် ဘာသာ‌ရေးအဖွဲ့အစည်းများ စုစုပေါင်း အိမ်ထောင်စု ၁၁၆၈ စုတို့အတွက် ဆန် ၂၄ ပြည်ပါအိတ် ၂၀၀ အိတ်၊ မိုးကာလိပ် ၂၉ လိပ်၊ မျိုးစပါးတင်း ၃၀၀ ကို လည်းကောင်း၊ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း ၄၄ ပုံးနှင့် အိမ်/ ကျောင်းပြုပြင်ဆောက်လုပ်နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၈၁၇၆၀၀၀၀ ကို လည်းကောင်း၊ အလှူရှင် Royal M1 မှ ငွေကျပ်သိန်း ၁၀၀ ကို လည်းကောင်း အသီးသီးထောက်ပံ့ခဲ့ကြရာ ယာယီတိမ်းရှောင်မိသားစုဝင်များ၊ ဒေသခံပြည်သူများက လက်ခံရယူခဲ့ ကြပြီး အိမ်ထောင်စုများကိုယ်စား နမ္မတီး RC တိမ်းရှောင်စခန်းမှ တာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများ၏ လိုအပ်ချက်များကို တင်ပြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဆွေးနွေးဆောင်ရွက်ပေးခဲ့ပြီး RC စခန်းအတွင်း လိုအပ်သည့် ရေတင်စက်နှင့် သဲကျောက်ခင်းပေးနိုင်ရေးအတွက် ငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကာ ယာယီတိမ်း ရှောင်ပြည်သူများ၏ နေအိမ်များ မိုးမကျမီ အမြန်ဆုံးတည်ဆောက်ပေးနိုင်ရေးနှင့် အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် အိမ်ထောင်စုများအနေဖြင့်လည်း ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ နေရပ်ပြန်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး အားပေးပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)