ဘားအံ မေ ၁
ကဆုန်လပြည့်နေ့သည် (ဗျာဒိတ်၊ ဖွား၊ မြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း)ဆိုသည်နှင့်အညီ ဗုဒ္ဓရှင်တော်မြတ်ဘုရားနှင့်စပ်လျဉ်း၍ အလွန်ထူးခြားသည့် ဗုဒ္ဓဝင်မှတ်တိုင်များကို အခိုင်အမာစိုက်ထူခဲ့သည့် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ဘားအံမြို့ ကျက်သရေဆောင်သေဋ္ဌမာရ်အောင် မြတ်စွာဘုရားပရဝုဏ်အတွင်း အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်ရင်း၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခမ်းအနားနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သေဋ္ဌမာရ်အောင်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဝတ်အသင်းအဖွဲ့များက ကဆုန်လပြည့် (ဗုဒ္ဓနေ့) နှင့် ညောင်ရေသွန်းလောင်း ဆုတောင်းကဗျာများ ရွတ်ဆိုပူဇော်ကြကာ အိုးစည်ဒိုးပတ်အဖွဲ့များက အတီးအမှုတ် အကအခုန်များဖြင့် တီးမှုတ်ကခုန်ဧည့်ခံကြသည်။
ထို့နောက် ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခမ်းအနားနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကိုကျင်းပရာ မြို့နယ်ဩဝါဒစရိယ၊ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းဆရာတော် ဘဒ္ဒန္တသုဇာတနှင့် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ခွယ်ကဘောင်ကျောင်းဆရာတော် ဦးနာဂဝံသတို့ အမှူးပြုသော ဆရာတော် သံဃာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ ကုသိုလ်တော်အတူပြုရန်အတွက် နတ်ဗြဟ္မာအပေါင်းတို့အား ဂါထာပါး၍ ဖိတ်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က မြို့နယ်ဩဝါဒ စရိယ၊ ပြည်နယ်ကမ္မဋ္ဌာန်းကျောင်းဆရာတော် ဘဒ္ဒန္တသုဇာတဆရာတော်ထံမှ နဝင်္ဂသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များက ရွတ်ပွားသရဇ္ဇျာယ်အပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဆရာတော်ကြီးများထံမှ ခွင့်ပန်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်း ပူဇော်ပွဲအကြောင်း သိကောင်းစရာများအား အမျိုးသမီးယောဂီတစ်ဦးကဖတ်ကြားတင်ပြပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ခွယ်ကဘောင်ကျောင်းဆရာတော် ဦးနာဂဝံသထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားမှူးတစ်ဦးက ဗောဓိရုက္ခေါဒက ဥယျောဇနဂါထာကို ရွတ်ဖတ်ပူဇော်၍ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များက မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
ဆက်လက်၍ ဗြဟ္မာ၊ သိကြား၊ နတ်၊ နဂါး၊ ဂဠုန်များနှင့် အရန်ယောဂီများက မဟာဗောဓိပင်၏ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ဇယောဟိဗုဒ္ဓဿ အစချီသော ဂါထာတော်များ ရွတ်ဖတ်ပူဇော်ကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက မဟာဗောဓိညောင်ပင်တော်အား ညောင်ရေသွန်းလောင်းပူဇော်ကြ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြရာ မဟာဗောဓိညောင်ပင်၏ အရပ်မျက်နှာအသီးသီး၌ နေရာယူထားကြသော ယောဂီများက ဗောဓိ ညောင်နန်း အစချီသော ရှစ်လုံးဖွဲ့ကဗျာများနှင့် ဇယန္တော အစချီသော ဆုတောင်းပတွထနာ (၆)ဂါထာတို့ကို ရွတ်ဖတ်ပူဇော်ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝတ်အသင်းအဖွဲ့များ၊ ဗုဒ္ဓဝေယျာဝစ္စများ ဘားအံမြို့ပေါ်ရပ်ကွက်များမှ ဗုဒ္ဓဘာသာနွယ်ဝင် ပြည်သူအပေါင်းတို့က မဟာဗောဓိညောင်ပင်တော်ကြီးအား ညောင်ရေသွန်းလောင်းပူဇော်ကြသည်။
ထို့နောက်ဝတ်အသင်းအဖွဲ့များက ကဆုန်လပြည့်(ဗုဒ္ဓနေ့)နှင့် ညောင်ရေသွန်းဆုတောင်းကဗျာ များ သံပြိုင်ရွတ်ဆိုပူဇော်ကြပြီး အခမ်းအနားမှူးက အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းကို ဖတ်ကြားအမျှပေးဝေကာ ပင့်ဖိတ်ထားသော နတ်ဗြဟ္မာအပေါင်းတို့အား ဂါထာပါး၍ ပြန်လည်ပို့ဆောင်ပြီး ဗုဒ္ဓသာသနံစိရိတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းသည်။
ကဆုန်လပြည့်(ဗုဒ္ဓနေ့)အခမ်းအနားနှင့် ညောင်ရေသွန်းလောင်းပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား တွင် ပါဝင်ကုသိုလ်ယူကြသူများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှ ပူးပေါင်းလှူဒါန်းသည့် သေဋ္ဌမာန်အောင်ဘုရားကြီး (၁၀၄)နှစ်ပြည့် စတုဒိသာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွတ်တော်ဥက္ကဋ္ဌက ဒိုးပတ်အဖွဲ့(၃)ဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ်မှနေ၍ လူရည်ချွန်လေ့လာရေးစခန်းများသို့ သွားရောက်ကြမည့် ထူးချွန်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူ များအား ယမန်နေ့မွန်းလွဲ ၂ နာရီက ဘားအံမြို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တွေ့ဆုံ၍ ချီးမြှင့်ငွေများပေးအပ်သည်။
ထိုသို့တွေ့ဆုံရာတွင် ထူးချွန်လူရည်ချွန် ကျောင်းသား၊ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်၏ စံနမူနာပြုကျောင်းသားလူငယ် လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိတို့သွားရောက်ရမည့် လူရည်ချွန်စခန်းများတွင် နိုင်ငံအနှံ့အပြားမှ ရောက်ရှိလာကြမည့် သူငယ်ချင်းများနှင့် ခင်မင်ရင်းနှီးစွာဖြင့် မိမိတို့နေထိုင်ရာ ဒေသရိုးရာဓလေ့ထုံးစံများကို ဖလှယ်၍ ဒေသန္တရဗဟုသုတများကို အတူတကွ လေ့လာအပန်းဖြေကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပူပြင်းလှ သည့်ရာသီဥတုအချိန်အခါတွင် ကျန်းမာရေကို အထူးဂရုစိုက်စေလိုပြီး သက်ဆိုင်ရာလူရည်ချွန်စခန်းမှ ချမှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာနေထိုင်သွားကြရန်၊ လူရည်ချွန်အပန်းဖြေစခန်းမှ တွေ့ကြုံရရှိသော ဗဟုသူတများကို အခြေခံ၍ နိုင်ငံတော်မှအားထားရသည့် လူငယ်များဖြစ်အောင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လူရည်ချွန်ကျောင်းသား၊ကျောင်းသူများ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့် လိုက်ပါပို့ဆောင်သူများအား ငွေကျပ်(၄၆၅၀၀၀၀/-) (လေးဆယ့်ခြောက်သိန်းငါးသောင်းကျပ်တိတိ)အား ပြည်နယ်ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်ရာ လူရည်ချွန်ကျောင်းသား၊ကျောင်းသူနှစ်ဦးက လက်ခံရယူပြီး လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထူးချွန်ကျောင်းသားကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်းသတင်းရသည်။
ပြည်နယ် (ပြန်/ဆက်)