တာချီလိတ်မြို့တွင်း လမ်းမကြီးများနှင့် ချောင်း၊ မြောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား အရေးယူမည်

တာချီလိတ် ဧပြီ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့တွင်းလမ်းမကြီးများနှင့် ရေနုတ်မြောင်း၊ ရေချောင်းများအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများအား တွေ့ရှိပါက စည်ပင်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဧပြီ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း ဖြတ်သန်းစီးဆင်းနေသော မယ်ဆိုင်ချောင်း၊ နမ့်ယွန်းချောင်း၊ မယ်ခေါင်ချောင်း၊ နိုင်းနိုင်းချောင်း၊ (၁၂)လမ်းချောင်း၊ ခိုတောင်းချောင်း၊ ဝမ်ဟောင်ချောင်း၊ ရေနုတ်မြောင်းများနှင့် လမ်းမကြီးများပေါ်သို့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် မြို့အင်္ဂါရပ်နှင့်ညီညွတ်မှုမရှိခြင်း၊ အမှိုက်များပိတ်ဆို့မှုများကြောင့် ရေစီးရေလာကောင်းမွန်မှုမရှိခြင်း၊ အမြင်မကောင်းခြင်း၊ အနံ့အသက်မကောင်းခြင်း၊ ကျန်းမာရေးထိခိုက်ခြင်းနှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်းများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက အမိန့်ထုတ်ပြန်ခဲ့ပြီး တွေ့ရှိပါက အရေးယူမည်ဖြစ်သည်။

ရှမ်းပြည်နယ် စည်ပင်သာယာရေးဥပဒေအရ မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း အမှိုက်များစွန့်ပစ်ခြင်း၊ သိမ်းဆည်းခြင်းနှင့် မြို့သန့်ရှင်းလှပရေးလုပ်ငန်းများကို စည်ပင်သာယာရေးဌာနနှင့် UBL ပုဂ္ဂလိက အမှိုက်သိမ်းဝန်ဆောင်မှုကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြို့တွင်းနေအိမ်များ၏ အမှိုက်များသိမ်းဆည်းခြင်းကို ယခုထက် ပိုမိုစနစ်ကျစွာ စီစဉ်ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့်စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း လုံးဝမပြုလုပ်ကြပါရန်နှင့် စိစစ်တွေ့ရှိရပါက ရှမ်းပြည်နယ်စည်ပင်သာယာရေးဥပဒေပုဒ်မ (၇၈)အရ ဒဏ်ငွေတပ်ရိုက်သွားမည့်အပြင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)