ချမ်းအေးသာစံ ဧပြီ ၃၀
ဧပြီလ ၂၉ ရက် ညနေ ၅း၃၀ မိနစ်အချိန်တွင် မိုးရွာသွန်းပြီး လေပြင်းများတိုက်ခတ်ခဲ့မှုကြောင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ လူနေအိမ်နှစ်လုံး၊ စျေးဆိုင်ဆိုင်းဘုတ်တစ်ခုနှင့် ဝန်ထမ်းအိမ်ရာအမိုးသွပ်များ ထိခိုက်ပျက်စီးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းရေးလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့သည်။
လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံ အရှေ့ရပ်ကွက်၊ ၈၁×၈၂ လမ်းကြား၊ ၂၆ လမ်းပေါ်ရှိ အထည်ဆိုင်တစ်ခု၏ ကြော်ငြာဆိုင်းဘုတ်သည် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးပေါ်သို့ ပြုတ်ကျခြင်း၊ ချမ်းအေးသာစံအနောက်ရပ်ကွက် ၂၉ လမ်း၊ ၈၄×၈၅ လမ်းကြားရှိ ညောင်ပင်မှာ လူနေအိမ်ပေါ်သို့ လဲကျခဲ့ပြီး နံရံအက်ကွဲပျက်စီးခြင်း၊ ဒေးဝန်းအနောက်ရပ်ကွက် ၃၅ လမ်း၊ ၉၀×၉၁ လမ်းကြား တိုင်းဒေသကြီး ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနရှိ ဝန်ထမ်းအိမ်ရာပေါ်သို့ ကုက္ကိုလ်ပင်ပြိုလဲကျရာမှ အမိုးသွပ်များ ထိခိုက်ပျက်စီးခဲ့သည်။
မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းနှင့် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းမင်းစိုးတို့က ဦးဆောင်ကာ ရှာဖွေကယ်ဆယ်ရေး သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သစ်ပင်သစ်ကိုင်းများနှင့် ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းဖယ်ရှားခဲ့သည်။ အဆိုပါ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ချမ်းမြေ့မောင် (ချမ်း/စံ)