တောင်ကြီး ဧပြီ ၂၉
ဗလငါးတန်နှင့်ပြည့်စုံသော စံပြလူငယ်များ ဖြစ်ပေါ်လာစေရန်နှင့် ဘက်စုံထူးချွန် ပြောင်မြောက်သော နိုင်ငံချစ်သားကောင်း သမီးမွန်များ ဖြစ်ပေါ်လာစေရန်အတွက် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဒေါ်နန်းခမ်းလူသည် ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများ၊ တောင်ကြီးခရိုင် ပညာရေးမှူး၊ တောင်ကြီးမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ လူရည်ချွန် မောင်/မယ်များ တည်ခိုနိုင်ရေးဆောင်ရွက် ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးသည် လူရည်ချွန်ကျောင်းသား/ကျောင်းသူ (၆၁) ဦး တည်းခိုနားနေမည့် အိပ်ဆောင် (၈) ဆောင်အား ကြည့်ရှုစစ်ဆေး၍ သက်သောင့်သက်သာရှိစေရန်နှင့် အားလပ်ချိန်များတွင် ကြိုက်နှစ်သက်ရာ ဗဟုသုတစာအုပ်များ လေ့လာဆည်းပူနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးက ထမင်းစားဆောင်နှင့် ယာယီဆေးပေးခန်း ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
၂၀၂၅ခုစ် ရှမ်းပြည်နယ်မှ လူရည်ချွန်မောင်မယ်များသည် ဧပြီလ (၃၀) ရက်နေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ သြဝါဒခံယူသွားမည်ဖြစ်ပြီး၊ မေလ (၁) ရက်နေ့တွင် နေပြည်တော် လူရည်ချွန်စုရပ်သို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
မင်းသန့် (ပြန်/ဆက်)