ဟိုပုံး ဧပြီ ၂၉
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့်အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အကြမ်းဖက်အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာမှုအား လက်ခံကြိုဆိုခြင်းနှင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားရာတွင် ဒီကနေ့ဟာ မိမိတို့ရဲ့ မှားယွင်းတဲ့လမ်းစဉ်ကို စွန့်လွှတ်ပြီး မိသားစုဝင်များ၊ ဆွေမျိုးသားချင်းများရှိရာဆီကို နွေးထွေးစွာ ပြန်လည်ရောက်လာတဲ့ နေ့ဖြစ်သလို နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် ခြေလမ်းကောင်းတစ်ခု စတင်တဲ့နေ့ပဲဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လမ်းမှားရောက်ခဲ့ကြတဲ့ လူငယ်လူရွယ်များကို ရန်သူလိုသဘောမထားဘဲ မိမိတို့ရဲ့ သွေးချင်းသားချင်ကဲ့သို့ သဘောထားပြီး အမြဲတမ်းတံခါးဖွင့်ကြိုဆိုနေခဲ့တာဖြစ်ပါကြောင်း၊ လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်ဆိုတာ ပြည်သူကို ဆင်းရဲ ဒုက္ခပေးရုံတင်မကဘဲ မိမိတို့ရဲ့ အနာဂတ်ကိုပါ ဖျက်ဆီးနေတာကို မြင်ယောင်ကြည့်ပြီး ယခုလိုအလင်းဝင်ရောက်တဲ့အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင် အတွင်းပြန်လည်ဝင်ရောက်ကြတဲ့ PNLO အဖွဲ့၊ တပ်ရင်း ၃၅၉ မှ အလင်းဝင်ရောက်လာသူ ၆၁ ဦးရှိတဲ့အနက် ဆီဆိုင်မြို့နယ်မှ ၃၀ ဦးနှင့် ပင်လောင်းမြို့နယ်မှ ၁၂ ဦး စုစုပေါင်း ၄၂ ဦးပါဝင်ပြီး အလင်းဝင်ရောက်လာခြင်းဟာ မိမိကိုယ်တိုင်နှင့် မိသားစုအတွက် သာမကဘဲ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်ပါကြောင်း၊ နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ သင့်တင့်တဲ့ထောက်ပံ့မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်သလို လူ့ဘောင်အဖွဲ့အစည်းအတွင်းမှာ သိက္ခာရှိရှိ ပြန်လည်နေထိုင်သွားနိုင်မှာဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးမျိုးအောင်က ကျန်ရှိနေသေးတဲ့ လမ်းမှားရောက်နေသူများကိုလည်း မိမိတို့အတွေ့အကြုံက တစ်ဆင့် ပြန်လည်မျှဝေပေးကြဖို့တိုက်တွန်းလိုကြောင်း၊ အကြမ်းဖက်မှုကင်းစင်တဲ့လမ်းကြောင်းပေါ်မှာ အားလုံးစုပေါင်းလုပ်ဆောင်ကြမှသာလျှင် ကျွန်တော်တို့လိုလားတဲ့ အေးချမ်းသာယာတဲ့နိုင်ငံတော်ကို တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ အလင်းဝင်ရောက်လာသူများအနေနဲ့ အတိတ်ကကိစ္စတွေကို သင်ခန်းစာယူပြီး နောင်အနာဂတ် မိမိကိုယ်တိုင်မိသားစုနဲ့ နိုင်ငံတော်အတွက် အကျိုးပြုတဲ့ နိုင်ငံ့သားကောင်းများဖြစ်ကြပါစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး သန်းနိုင်လွင်က အလင်းဝင်ရောက်လာ သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စွာ ပြန်လည်ပေါင်း စည်းနိုင်ကြပါစေကြောင်းနဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေမှာ တစ်ထောင့် တစ်နေရာက ပါဝင်ပြီး မိမိရပ်ရွာဒေသအကျိုး သယ်ပိုးဆောင်ရွက်နိုင်ပါကြောင်းနှင့် အသွင်ပြောင်းပြည်သူ့စစ်ဌာနေ(PNA) မှ ကိုယ်စားလှယ်က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အကြမ်းဖက်အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများမှ ဝန်ခံကတိလက်မှတ် ရေးထိုးခဲ့ကြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး မိဘအုပ်ထိန်းသူနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)