ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ဟားခါး ဧပြီ ၂၉

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၆) အထိမ်းအမှတ်အခမ်းအနားကို ဧပြီလ ၂၈ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကမ္ဘာ့ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကျင်းပရခြင်းဟာ ကာကွယ်ဆေးထိုးနှံခြင်းကို အလေးအနက်ထားစေလိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဖြင့် အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး ပြည်သူလူထုအားလုံးကို ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုမှ တားဆီးပေးနိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှု ဖွံ့ဖြိုးတိုးတက်လာမှုများ၏ အောင်မြင်မှုပြယုဂ်တစ်ခုလည်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် ပြည်သူလူထုက မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများကလည်း ကလေးတိုင်းထံ ကာကွယ်ဆေးများရောက်ရှိအောင် အစဉ်အဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်းကြောင့် ကလေးငယ်များ၏ အသက်ရှင်နိုင်မှုနှုန်း ၄၀ ရာခိုင်နှုန်းအထိ တိုးတက်အောင် အထောက်အကူပြုခဲ့ပြီး ကလေးသန်းပေါင်းများစွာကို တစ်သက်တာလုံး မသန်စွမ်းမဖြစ်အောင် ကာကွယ်ပေးနိုင်ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြောင်းလဲလာသည့် မူဝါဒများနှင့်အညီ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့်အထိ နိုင်ငံတစ်ဝန်းကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှုမရှိသည့်ဒေသများတွင် ကာကွယ်ဆေးတိုက်ကျွေးသည့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် ယခုအထိမ်းအမှတ်အခမ်းအနား၏ ဆောင်ပုဒ်ဖြစ်သည့် “မျိုးဆက်တိုင်းကို ကာကွယ်ထား၊ ကာကွယ်ဆေး၏စွမ်းပကား” အတိုင်း မျိုးဆက်တိုင်းအတွက် တန်ဖိုးကြီးသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများအောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းပေးကြရန် တိုက်တွန်းကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် “မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” Documentary Story နှင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် “မျိုးဆက်တိုင်းကိုကာကွယ်ထား၊ ကာကွယ်ဆေး၏ စွမ်းပကား” တေးသီချင်း ဗီဒီယိုပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ တိုက်ပွဲရှောင်ကလေးငယ်များအား Special Immunization Activity ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)