ကရင်ပြည်နယ်ဝန်ကြီးချုပ် ရေကြောင်းလူငယ်အခြေခံ/တန်းမြင့်သင်တန်း (၁/၂၀၂၆) ဖွင့်ပွဲနှင့် ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ရေကူးပြိုင်ပွဲသို့ တက်ရောက်

ဘားအံ ဧပြီ ၂၈

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူမျိုးဆက်သစ်လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သည့် အနာဂတ် မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှ ကြီးမှူး ဖွင့်လှစ်သည့် ဘားအံရေကြောင်းလူငယ်စခန်း၏ ရေကြောင်းလူငယ်အခြေခံ/ တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲကို ဧပြီ ၂၇ ရက် နံနက်(၉)နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းတက်ရောက်ကြမည့် မောင်တို့မယ်တို့သည် သမိုင်းအစဉ်အလာကောင်းသော ရေကြောင်းလူငယ်မျိုးဆက်များ၏ အမွေကို ဆက်ခံရင်း အနာဂတ်တွင် နိုင်ငံတော်နှင့်ပြည်သူလူထုက အားထားရမည့် ရေကြောင်းပညာရှင်များဖြစ်အောင် ကြိုးပမ်းအားထုတ်သွားကြစေလိုကြောင်း၊ ရေကြောင်းဆိုင်ရာအသိပညာ၊ အတတ်ပညာများကိုတိုးပွား ရရှိလာမည့်အပြင် လက်တွေ့ကျကျဆောင်ရွက်ကြသည့်လုပ်ငန်းခွင် အတွေ့အကြုံများကို ရရှိစေမည်ဖြစ်၍ မောင်တို့မယ်တို့အတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ယခုသင်တန်းတက်ရောက်ကြမည့်မောင်တို့မယ်တို့သည် နိုင်ငံအကျိုးကိုရှေးရှုပြီး အားကြိုးမာန်တက် ဆည်းပူးလေ့လာသင်ယူကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် တောင်ပိုင်း‌ရေတပ်ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲမှုဌာနချုပ်မှူးဗိုလ်ချုပ်ကျော်လင်းဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် အနာဂတ်၏ မျိုးဆက်သစ်ကြယ်ပွင့်များဖြစ်သည့် မောင်တို့၊ မယ်တို့အနေဖြင့် ယခုလို နွေရာသီကျောင်းပိတ်ရက်ကာလတွင် တန်ဖိုးရှိသည့်အချိန်တွေကို အလဟဿ မဖြစ်စေဘဲ ရေကြောင်း ဆိုင်ရာပညာရပ်များကို လက်ဆင့်ကမ်းသင်ယူကြသည့် မောင်တို့၊ မယ်တို့အတွက် ဂုဏ်ယူ ဝမ်းမြောက် မိပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ် (၁/၂၀၂၆)အတွက် ငွေကျပ် ၉၇၇၂၄၀၀၀ ကို တာဝန်ရှိသူထံချီးမြှင့်ပေးအပ်ပြီး တောင်ပိုင်းတိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲမှုဌာနချုပ်မှူးက သင်တန်းသား၊ သင်တန်းသူများအား ကျောပိုးအိတ်နှင့် စာရေးကိရိယာများ ပေးအပ်ချီးမြှင့်သည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံလူငယ်ရေကြောင်းစခန်း၏ ရေကြောင်းလူငယ်အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၅)၏ လှုပ်ရှားမှုမှတ်တမ်း၊ ဗီဒီယိုပြသခြင်းကို ကြည့်ရှု အားပေးပြီး သင်တန်းသား၊သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ရင်းနှီး နွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်ပြီး အားပေးစကားများပြောကြား၍ ခင်းကျင်းပြသထားသည့် သင်ထောက်ကူ ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းကို ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၁၂၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၇ ရက်မှ မေ ၂၉ ရက်ထိ ကြာမြင့်မည်ဖြစ်ကာ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာရပ်၊ အခြေခံစစ်ရေးပြ၊ လက်နက်ငယ်နှင့်စစ်ရေးပြဘာသာရပ်၊ ရေတပ်သားဘာသာရပ်၊ ရေကြောင်းဘာသာရပ်များကို စာတွေ့ လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဟုသိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်တွင် ဘားအံမြို့၊  ဇွဲကပင်ရေကူးကန်၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီး ချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီးရေကူးပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မြို့နယ်ပေါင်းစုံရေကူးပြိုင်ပွဲ ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ ကရင်ပြည်နယ်၏ ရေကူး အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရန်၊ ကရင်ပြည်နယ်အတွင်းရှိ ရေကူး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် ငယ်ရွယ်စဉ်ကတည်းက ပညာသင်ယူ ခြင်းနှင့်အတူ အားကစားလိုက်စားခြင်းဖြင့် ကျန်းမာြကံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်ဝသည့် နိုင်ငံ့သားကောင်း များ ဖြစ်လာအောင် ပြုစုပျိုးထောင်သွားရမှာ ဖြစ်ကြောင်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားပြီး ချီးမြှင့်ငွေများပေးအပ်ကာ မြို့နယ်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ရေကူးပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)