မြဝတီမြို့၊သင်္ဃန်းညီနောင်ကျေးရွာတွင် ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေး အသိပေးရှင်းလင်း

မြဝတီ    ဧပြီ ၂၈

ကရင်ပြည်နယ်၊မြဝတီ ခရိုင်၊မြဝတီမြို့၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စုရှိ သင်္ဃန်းညီနောင် (အထကခွဲ)ကျောင်းတွင် ယမန်နေ့နံနက် ၁၀နာရီက သင်္ဃန်းညီနောင်ကျေးရွာအတွင်း ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေးအတွက် အသိပေးချပြ ရှင်းလင်းပွဲ ကိုကျင်းပသည်။

အခမ်းအနားတွင် လ/ထကော်လိတ္တော်အရာရှိ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က ရက်(၁၀၀) စီမံချက်ဖြင့်ကျေးရွာမြေငှားဂရန် ချထားပေးနိုင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များ အသိပေးချပြရှင်းလင်း ခြင်းနှင့် လျှောက်ထားရာတွင် လိုအပ်သောအချက်များနှင့် စိစစ်ရမည့်အချက်များရှင်းလင်းခြင်းကို လည်းကောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးသောင်းထွဋ်က မြေတိုင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းခြင်းကို လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးတင်အောင်ဝင်း က နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသည့် နိုင်ငံသား/နိုင်ငံသားပြုလက်မှတ်တစ်မျိုးမျိုးကိုင်ဆောင်ခွင့်ရရှိနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ လည်းကောင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်လမ်းဦးစီးဌာနမှ  မြို့နယ်ဦးစီးမှူး၊ ဦးနေယုလင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးဉာဏ်ဝင်းအောင်တို့က ဆောင်ရွက်လျက်ရှိသည့် ဌာနလုပ်ငန်းစဥ်များနှင့်စပ်လျဥ်း၍ ​လိုက်နာကျင့်သုံးရမည့်အချက်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီးတက်ရောက်လာကြသည့်ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းမှု အပေါ် တာဝန်ရှိသူများက ပြန်လည်၍ ဆွေးနွေးရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)