သံတောင်ကြီးမြို့  ဇိုင်းယာန်းနှစ်ခြင်း ဘုရားကျောင်းတွင် နွေရာသီဓမ္မပညာသင်တန်းဆင်း

သံတောင်ကြီး    ဧပြီ ၂၈

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့ ဇိုင်းယာနှစ်ခြင်းဘုရားကျောင်း ဓမ္မပညာဆရာမများက ဦးဆောင်၍  ကလေးသူငယ်များ နွေရာသီအားလပ်ရက်များတွင်  ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်များတွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးသူငယ်များဖြစ်စေရန်အတွက် နွေရာသီဓမ္မပညာသင်တန်းကို  ဇိုင်ယာန်းနှစ်ခြင်းအသင်းတော်၏ အဖွဲ့ငယ်(၇)ဖွဲ့က ဧပြီ(၆)ရက်မှ(၂၆)ရက်အထိဖွင့်လှစ်ပြီး သင်တန်းဆင်းပွဲကိုယမန်နေ့ညနေ(၄)နာရီက ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်ဘုရားကျောင်းတွင် ဆောင်ရွက်သည်။

သင်တန်းဆင်းပွဲတွင်   နွေရာသီဓမ္မပညာဆရာမ   ဒေါ်နော်တာမလာဖောက  သင်တန်းတ‌စ်လျှောက် ဆောင်ရွက်မှုများ၊  အားနည်းချက်၊  အားသာချက်များအားပြောကြားပြီး ဆရာတော်ဘွယ်ထူးက အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ဆရာတော်ဘိုသာက အထူးဆုတောင်ပေးပြီး သင်တန်းဆရာ/ဆရာမ(၁၂)ဦးအား ဇိုင်းယာန်းနှစ်ခြင်းအသင်းတော်မှဆရာတော်မူးယွာထူးက အလှူငွေနှင့်အမှတ်တရလက်ဆောင်များပေးအပ်သည်။

ထို့နောက် ဇိုင်ယာန်းနှစ်ခြင်းအသင်းတော်၏ အဖွဲ့ငယ်(၇)ဖွဲ့မှဓမ္မပညာကလေးများက ပြဇာတ်တိုများ၊ တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းသိရသည်။

နော်နော်မူ