လွိုင်လင်မြို့ ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်၏ သက်တော် (၇၅) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

လွိုင်လင် ဧပြီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း ) လွိုင်လင်မြို့ သာသနဝိပုလဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဒေါက်တာပညာနန္ဒ၏ သက်တော် (၇၅) နှစ်ပြည့် စိန်ရတုဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်းတိုက်ဓမ္မာရုံကြီးတွင် ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေး သို့ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှုးချုပ် သန်းထွန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့် ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ် နှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဆရာတော်၏ တပည့်ဒါယကာ ဒါယိကာမများ အလှူရှင်များတက်ရောက်ကြသည်။ ဦးစွာ ဆရာတော်များနှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီးဖွင့်လှစ်၍ ဆရာဆော်ကြီးအားဩကာသကန်တော့ချိုးဖြင့်ကန်တော့ရာ ဆရာတော်ကလည်းကောင်း၊ ရတနာစည်ဆရာတော်ကလည်းကောင်းဩဝါဒစကားမိန့်ကြားပါသည်။ ထို့နောက် ဆရာတော်ကြီး၏‌ဝိဇာတမွေးနေ့မင်္ဂလာ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးမှူးတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများက အသီးသီးအကြံပြုလျှောက်ထားသည်။ ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသူများက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။

အဆိုပါ ဆရာတော်ကြီး၏ သက်တော် (၇၅) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာပွဲတော်ကို မေလ ၈ ရက် မှ မေလ (၁၀) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လွိုင်လင်မိုး