မိုင်းနောင် ဧပြီ ၂၈
မိုင်းနောင်မြို့တွင် မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသားများအားလုံးမိမိတို့၏ စာပေ၊ယဥ်ကျေးမှုရိုးရာအမွေအနှစ်များ မပပျောက်အောင်ဆက်လက်ထိန်းသိမ်းလျက် ရှမ်းစာပေ၏တန်ဖိုးကိုမြှင့်တင်ရန်ရည်ရွယ်၍ နွေရာသီရှမ်းစာပေသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။
မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ကျောင်းတိုက်မှ အရှင်အာစာရ၏ဦးဆောင်မှုဖြင့် နွေရာသီ ရှမ်းစာပေသင်တန်းကို (၄၅)ရက်တိုင်အောင်သင်ကြားခဲ့ပြီး ယနေ့ နံနက် (၉)နာရီအချိန်တွင် သင်တန်းဆင်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ သင်တန်းဆင်းပွဲသို့ကြွရောက်လာကြသော ဦးဆောင်သံဃာတော်များနှင့် ဌာနဆိုင်ရာများ၊ ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းမှတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြဆရာ၊ဆရာမများနှင့် သင်တန်းသားသင်တန်းသူမျာ၊ မိဘပြည်သူများကနိုင်ငံတော်အလံနှင့်ရှမ်းအလံများကိုအလေးပြုပြီး ရှမ်းစာပေယဥ်ကျေးမှုအထိမ်းအမှတ် ရှမ်းသီချင်းဖြင့်သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်၍ နွေရာသီသင်တန်း ဦးစီးဆရာတော်အရှင်အာစာရက မိန့်ခွန်းသြဝါဒ စကားမြွက်ကြားကာ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခြင်း၊ သင်တန်းဆရာ၊ဆရာမများအား ဂုဏ်ပြုချီးမြှင့်ခြင်း၊ ထူးချွန်ဆုရရှိသူများအားဆုချီးမြှင့်ခြင်းနှင့် သင်တန်းပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်း၊ ဖျော်ဖြေရေးအစီအစဥ်များကို စနစ်တကျ ဆောင်ရွက်ကာ သင်တန်းဆင်းပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရှိရသည်။
အဆိုပါ အခမ်းအနားကို ဦးစီးသံဃာတော်နှင့်ဌာနဆိုင်ရာများ၊ ရှမ်းစာပေနှင့်ယဥ်ကျေးမှုအသင်းဝင်များရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မိဘပြည်သူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ စုစုပေါင်း(၅၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)