ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် နွေရာသီရှမ်းစာသင်တန်းဆင်းပွဲသို့ တက်ရောက်

မြစ်ကြီးနား ဧပြီ ၂၆

ရှမ်းမျိုးနွယ်စုဝင် လူငယ်လူရွယ်များအား ရှမ်စာပေနှင့်စကား ပိုမိုလေ့လာနိုင်ရေးအတွက် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း (တိုင်းလုံ)က ကြီးမှူး၍ ဖွင့်လှစ်ပေးခဲ့သော (၁၆)ကြိမ်မြောက် နွေရာသီရှမ်းစာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက်၊ နောင်ခမ်းရှမ်းရွာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများဖြစ်သည့် ဦးစိုးသိန်း၊ ဦးတင်အောင်၊ ဦးလီပေါ်ရဲ့၊ ဦးမယစ်ယောရှုတို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ရှမ်းတိုင်းရင်းသားလူငယ်များက သင်တန်းဆင်းပွဲကို ရှမ်းရိုးရာအကဖြင့် ကပြဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်က ယခုလို ရှမ်းတိုင်းရင်းသားလူငယ်များအား နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း မိမိတို့၏ စာပေကို ကြိုးကြိုးစားစားလက်ဆင့်ကမ်းသင်ယူကြသည့်အတွက် များစွာဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ မိမိတို့၏ စကား၊ စာပေနှင့်ယဉ်ကျေးမှုအမွေအနှစ်များ တိုးတက်ပြန့်ပွားအောင် ဆောင်ရွက်ခြင်းသည် မိမိတို့လူမျိုး၏ လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းပင်ဖြစ်သည့်အပြင် မိမိတို့မျိုးနွယ်စုသာမက အတူနေထိုင်ကြသော တိုင်းရင်းသားအားလုံးက စာပေ၊ စကားကို အလေးထား တန်ဖိုးထားကြရန် အရေးကြီးပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းရင်းသားအားလုံး၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများကို ဖွံ့ဖြိုးတိုးတက်အောင် အမြဲတမ်းအားပေးကူ ညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း(တိုင်းလိုင်)နာယက သင်တန်းဖွင့်လှစ်ခဲ့မှု အခြေအနေများနှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူတတ်စေရန်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌက နွေရာသီသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့်ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးက သင်တန်းသား (၇၅) ဦးဖြင့် နည်းပြဆရာ (၁၀) ဦးတို့က သင်ကြားပို့ချပေးခဲ့သော နွေရာသီရှမ်းစာသင်တန်းဆင်းပွဲအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)