ဒဂုံဆိပ်ကမ်း ဧပြီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၆၀)ရပ်ကွက်နှင့် အမှတ်(၉၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအေးကျော်၏ ကြီးကြပ်မှုဖြင့် လ.ဝ.ကမှူး ဦးမြင့်နိုင်ဦးဆောင်သော အဖွဲ့က အမှတ်(၆၀)တွင်လည်းကောင်း လ.ဝ.ကမှူး ဒေါ်ရီရီမြင့် ဦးဆောင်သော အဖွဲ့က အမှတ်(၉၀) ရပ်ကွက်တွင်လည်းကောင်း ရပ်ကွက်အတွင်းရှိ အသက် ၁၀ နှစ်ပြည့်နှင့် အသက် ၁၈ နှစ်ပြည့်ပြီး သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID အချက်အလက် ကောက်ယူခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို သက်ဆိုင်ရာမြို့နယ်ရုံး၌ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိသလို ယခုအခါ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID အချက်အလက်ကောက်ယူခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)