ကွမ်းခြံကုန်း ဧပြီ ၂၅
နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မျိုးထွန်း၏ ကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာပါကျေးရွာ၌ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးထွန်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ လျှပ်စစ်ဌာနမှဝန်ထမ်းများ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မိမိနေအိမ်တွင် အသုံးပြုသောလျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ မီးဘေးလုံခြုံရေးအတွက် ထမင်းဟင်းများ ချက်ပြုတ်ပါက လျှပ်စစ်မီးစနစ်တကျ ကိုင်တွယ်အသုံးပြုရေး၊ ထင်း၊ မီးသွေးမီးဖိုဖြင့် ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များအား စနစ်တကျ ငြှိမ်းသတ်ရန်၊ မီးချိပ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် ရေပုံများအဆင်သင့်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးအကြံပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အရေးပေါ်ဆက်သွယ်ရမည့် တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေခြင်းစသည့် အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)