ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲဆောင်ရွက်

ဒဂုံဆိပ်ကမ်း ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာရွှေပြည်စိုး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးပိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇွဲရန်နိုင်()ကိုကိုဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းဝင်းတို့က အသီးသီးမိတ်ဆက်စကားပြောကြားခဲ့ပြီး လွှတ်တော်တွင်း အတွေ့အကြုံများအား ရှင်းလင်းပြောကြားကာ မိမိတို့မြို့နယ်အတွင်း ကျောင်းဆောက်လုပ်ရန် လိုအပ်သည့် ကိစ္စရပ်များအား ပြည်ထောင်စုအဆင့်တွင် တင်ပြရမည်ဖြစ်ပြီး လမ်းခင်းခြင်း၊ ရေမြောင်းတူးဖော်ခြင်း စသည့်ကိစ္စရပ်များမှာ တိုင်းဒေသကြီးအဆင့်တွင် တင်ပြရမည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်စားလှယ်များက ဒေသဖွံ့ဖြိုးရေးကိစ္စများအား ကွင်းဆင်းကြည့်ရှုသည့်အခါ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ လိုက်ပါကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဂတိတရားကင်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများအား ဆောင်ရွက်မည်ဖြစ်ပြီး မိမိတို့ကွင်းဆင်းကြည့်ရှုသည့် အချိန်များတွင် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့မှ ဧည့်ခံကျွေးမွေးခြင်းများ ပြုလုပ်ရန်မလိုကြောင်း၊ နှစ်တာကာလအတွင်း မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးခန်း ဖွင့်လှစ်ထားမည်ဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအလိုက် လိုအပ်ချက်များ တင်ပြလိုပါက အဆိုပါရုံးသို့ ပေးပို့နိုင်ပြီး ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့်အား ခွဲခြား၍ သက်ဆိုင်ရာလွှတ်တော်များတွင် တင်ပြဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း ဘတ်ဂျက်လိုအပ်ချက်ရှိပါက လွှတ်တော်ကိုယ်စားလှယ်များထံ ပေးပို့ကြရန်နှင့် လွှတ်တော်တွင်း တင်ပြတောင်းခံပေးသွားမည်ဖြစ်ကြောင်း နောင်တွင်လည်း ဒေသဖွံ့ဖြိုးရေးကိစ္စများအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်းနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ကြပြီး တွေ့ဆုံပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၆၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)