ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ၊ ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

ဟားခါး ဧပြီ ၂၄

၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ချင်းပြည်နယ်၏ ဒေသန္တရစီမံကိန်းဥပဒေကို အတည်ပြုပြဋ္ဌာန်းခြင်းဖြစ်ကြောင်း၊ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်သူကို တိုက်ရိုက်အကျိုးရှိစေမည့် ကျေးလက်ဒေသနှင့်နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်း၊ နတလနယ်စပ်လမ်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြလမ်း၊ ပြည်ထောင်စုလမ်းနှင့် ပြည်နယ်လမ်းများဆောင်ရွက်ရန် ငွေလုံးငွေရင်းရန်ပုံငွေ၏ ၄၁ ရာခိုင်နှုန်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးအတွက် ၈ ရာခိုင်နှုန်း၊ မြို့ပြနှင့်ကျေးလက် မီးရရှိရေးလုပ်ငန်းအတွက် ၉ ရာခိုင်နှုန်းနှင့် အခြားတည်ဆောက်ရေးလုပ်ငန်းများအတွက် ၂၁ ရာခိုင်နှုန်း ထည့်သွင်းလျာထားပါကြောင်း၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နိုင်ငံတော်သမ္မတရုံး၏ (၁/၂၀၁၇) နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ (၁/၂၀၂၂) များတွင်ပါရှိသည့် တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများအနေဖြင့် တင်ဒါအောင်ကုမ္ပဏီများကို စနစ်တကျကြပ်မတ်ရန်နှင့် ဌာနအကြီးအကဲကိုယ်တိုင် တာဝန်ယူ၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများကလည်း အဆက်မပြတ် အနီးကပ်ကြီးကြပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော်နိုင်ဆောင်ရွက်နိုင်မှုကို သုံးလပတ်အလိုက် ပြည်ထောင်စုသို့ တင်ပြအစီရင်ခံသွားမည်ဖြစ်၍ သက်ဆိုင်ရာဌာနများအနေဖြင့် စီမံကိန်းအကောင်အထည်ဖော်နိုင်မှုစာရင်းနှင့်အတူ အားနည်းချက်၊ အားသာချက်နှင့် ရှင်းလင်းချက်များနှင့်အတူ ပြုစုတင်ပြရမည်ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားမှ တာဝန်ပေးအပ်လိုက်သည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပြည့်မီကျော်လွန်ရေးအတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများက စနစ်တကျ စီမံချက်များရေးဆွဲ၍ တွန်းအားပေးဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် စီမံကိန်းဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့၏ ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကိုပေးအပ်ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးခင်မောင်ထွေးကလည်းကောင်း၊ စာရင်းစစ်ချုပ်ရုံးနှင့် ဥပဒေချုပ်ရုံးတို့၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်ကလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးများအတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စက်မှုကဏ္ဍကြီးများအတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်ကလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကုန်းမြင့်လယ်ယာ ဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများနှင့် လယ်ယာကဏ္ဍကြီးအတွက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်းကလည်းကောင်း၊ သစ်တောဦးစီးဌာန၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေးကလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဇော်ဝင်းဌေးကလည်းကောင်း လက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)