အင်းစိန် ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ AI နည်းပညာနှင့် စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဦးစွာ အင်းစိန်မြို့နယ် စာပေဥယျာဥ်အသင်း Book Club အဖွဲ့ဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာဗိုလ်သံမဏိ-တောင်တွင်းကြီး)က အမှာစကားပြောကြားရာတွင် ပြည်သူများ အသိပညာအတွေးအခေါ်မြင့်မားရေး အထောက်အကူဖြစ်စေသည့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးစေရန်အတွက် စာကြည့်တိုက်မှူးများနှင့် ပြည်သူများက ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်မည့် သင်တန်းသား စာကြည့်တိုက်မှူးများအနေဖြင့် သင်တန်းတက်ရောက်သည့်ကာလတွင် သင်တန်းကပို့ချသည့် AI နည်းပညာနှင့်ဆက်စပ်ပြီး စာကြည့်တိုက်ပညာရပ်များကို ကြိုးစားသင်ယူပြီး မိမိတို့စာကြည့်တိုက်များတွင် ပြန်လည်အသုံးချကာ လူငယ်များ စာဖတ်ရှိန်မြင့်မားလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက သင်တန်းဖွင့်လှစ်သင်ကြားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
AI နည်းပညာနှင့် စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီလ၂၃ ရက်မှ ၂၄ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)