နေပြည်တော် ဧပြီ ၂၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ပြီး ပင်စင်လစာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ခုတင် - ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး ပျဉ်းမနားမြို့မှ အထူးကုဆရာဝန်ကြီးမျာက ကျန်းမာရေးအခမဲ့စောင့်ရှောက်ပေးနေမှုနှင့် အငြိမ်းစား ပင်စင်လစာ ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ၂ဝ၂၆ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ နေပြည်တော်အားကစားခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ. တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူ/နည်းပြများနှင့်အားကစားသမားများတက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင်ဘော်လီဘော အားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရန်၊ လူငယ်များစိတ်ဓာတ်ကြံ့ခိုင်လာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုပြိုင်ပွဲကို ကျင်းပပေးရခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်အတွင်း အားကစားပြိုင်ပွဲတွေ စဉ်ဆက်မပြတ် ကျင်းပပေးခြင်းဖြင့် နေပြည်တော် အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲတွေမှာ အောင်မြင်မှုများ ရရှိလာမှာဖြစ်သလို နိုင်ငံတော်အတွက် အားထားရမယ့် မျိုးဆက်သစ်လက်ရွေးစင်အားကစားသမားများကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ဘော်လီဘောအားကစားနည်းဟာ နည်းစနစ်ကို အခြေခံပြီး တစ်ဦးချင်း ကျွမ်းကျင်မှု၊ လျင်မြန်ဖြတ်လတ်မှု၊ သက်လုံနှင့်ကြံ့ခိုင်မှုတို့ ပြည့်ဝဖို့လိုတဲ့အပြင် တစ်ဦးနှင့်တစ်ဦး နည်းလည်မှုရှိရှိ အပေးအယူမျှမျှနှင့် ယှဉ်ပြိုင်ကစားရတဲ့ အားကစားနည်းဖြစ်တာမို့ တစ်ဦးချင်းရော၊အသင်းလိုက်ပါ လေ့ကျင့်မှုပြည့်ဝဖို့ အထူးလိုအပ်တဲ့အားကစားနည်းဖြစ်ပါကြောင်း၊ အထူးသဖြင့် အသင်းလိုက်အားကစားဆိုတာဟာ တစ်ဦးချင်းဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ရသလို မိမိအသင်းအောင်နိုင်ရေးအတွက်လည်း အသင်းအဖော်များ၏ အရည်အသွေးပေါ်လွင်အောင် ဖန်တီးပေးတတ်သူဖြစ်ရန် လိုအပ်တဲ့အတွက် အားကစားသမားများအနေဖြင့် ဘက်စုံပြည့်စုံအောင် ကြိုးစားလေ့ကျင့်သွားကြပါလို့ တိုက်တွန်းမှာကြားလိုကြောင်း၊ ယနေ့ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမည့် ဘော်လီဘောအားကစားသမားအားလုံးအနေဖြင့် မိမိတို့ရဲ့ ကျွမ်းကျင်မှုအရည်အသွေးများနဲ့ ပေါင်းစပ်ကြိုးပမ်းယှဉ်ပြိုင်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲမှာ အနိုင်မခံအရှုံးမပေးဘဲ အားကစားစိတ်ဓါတ်အပြည့်အဝနဲ့ အသန့်ရှင်းဆုံး ပါဝင်ယှဉ်ပြိုင်သွားကြရန်၊ ပြိုင်ပွဲရဲ့ စည်းမျဉ်း/စည်းကမ်းများကိုလည်း လေးစားလိုက်နာကြပါ၊ ပြိုင်ပွဲကိုတာဝန်ယူပေးကြမယ့် ဒိုင်လူကြီးများကလည်း တရားမျှတစွာနဲ့တိကျစွာ ဆုံးဖြတ်ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် နိုင်ငံတော်က အားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်၊ နေပြည်တော်ဂုဏ်ဆောင် အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ ပြိုင်ပဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကာ ပြိုင်ပွဲဝင်အားကစားသမားများအတွက် ရဲမန်ဆောက်လုပ်ရေးကုမ္ပဏီမှ အလှူငွေပေးအပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လက်ခံရယူခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အမျိုးသားဘောလီဘောပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးရာ ပျဉ်းမနားမြို့နယ်အသင်းက သုံးပွဲနှစ်ပွဲဖြင့် အနိုင်ရခဲ့ပြီး အဆိုပါ ၂ဝ၂၆ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အမျိုးသားရှစ်သင်းအား အုပ်စုနှစ်ခုခွဲ၍ လည်းကောင်း၊ အမျိုးသမီး ရှစ်သင်းအား အုပ်စုနှစ်ခုခွဲ၍လည်းကောင်း ဧပြီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကို (ပုဗ္ဗသီရိ)