စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သက်ငယ်မုဒိမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများကျင်းပ

စဉ့်ကိုင် ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် (Women Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍  သက်ငယ်မုဒိမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ် စာစောင်ပြပွဲများကို ဧပြီလ ၂၁ ရက် နံနက် ၁၁ နာရီအချိန်က အဆိုပါဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကျောင်းသား/သူလူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ရှည် ကာလအတွင်းအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်မှတ်လာစေရန်၊ စာဖတ်သည့် အလေ့အ‌ကျင့်ကောင်းများရရှိလာစေရန်၊ လူများအလယ်တွင် ရဲဝံ့စွာ ပြောဆိုတတ်စေရန်၊ နှုတ်မှုစွမ်းရည်များ တိုးတက်လာစေရန် စသည့်တို့ကို ရည်ရွယ်၍ ယခုလို ဆွေးနွေးပွဲများ ကျင်းပရ‌ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် သက်ငယ်မုဒိမ်းမှု ဖြစ်ရခြင်း၏ အကြောင်းအချက်များ၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရသူများအနေဖြင့် ဆက်သွယ်တိုင်ကြားနိုင်မည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်များ၊ ကျူးလွန်သူများ ကျခံရမည့် ဥပဒေပုဒ်မများနှင့် ပြစ်မှု ပြစ်ဒဏ်များစသည့် အကြောင်းအရာများအား အကျယ်တဝံ့ရှင်းလင်း ဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား သက်ငယ်မုဒိမ်းမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များကို အခမဲ့ ဖြန့်ဝေခဲ့သည်။

၎င်းနောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ပြိုင်ပွဲ စည်းမျဉ်း/စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကြိုက်နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၁၃ ဦး၊ ကဗျာရွတ်ပြိုင်တွင် ကျောင်းသား/ကျောင်းသူ ၁၂ ဦးတို့က အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)