ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လမ်းဘေးဝဲ/ယာတွင် ဒေသနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) သို့ တက်ရောက်

ဟားခါး ဧပြီ ၂၁

လမ်းဘေးဝဲ/ယာတွင် ဒေသနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)ကို ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးများနှင့် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မြန်မာနိုင်ငံရော ကမ္ဘာကပါ ကြီးကြီးမားမားရင်ဆိုင်နေရသည့်ပြဿနာက ရာသီဥတုဖောက်ပြန်မှုဖြစ်ပြီး ၎င်းကို ရင်ဆိုင်နိုင်ရေးအတွက် အခြေခံအကျဆုံးလုပ်ငန်းက သစ်ပင်စိုက်ပျိုးခြင်းပဲဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် သစ်တောပြင်ပဖြစ်သည့် ရပ်ကွက်၊ လမ်းနှင့် ကျေးရွာအနီးအနားများတွင် သစ်ပင်များစိုက်ပျိုးနိုင်ရေး အတွက် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင်လည်း ယေဘုယျသဘောမျိုးမဟုတ်ဘဲ လက်တွေ့ကျကျ ဆောင်ရွက်နိုင်မည့် အချက်များကို ဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်သည် ၈ ဒသမ ၉ သန်းဧက ကျယ်ဝန်းပြီး ၂၀၁၀ ပြည်နှစ်တွင် သစ်တောဖုံးလွှမ်းမှုမှာ ၅၉ ဒသမ ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၅ ခုနှစ်တွင် ၅၁ ဒသ ၅၈ ရာခိုင်နှုန်းရှိသဖြင့် ၁၅ နှစ်တာကလာအတွင်း ၇ ဒသမ ၉၄ ရာခိုင်နှုန်း ၊ ဧကအားဖြင့် ၇၀၆၆၉၆ ဒသမ ၄၄ ဧကကျော် လျော့နည်းခဲ့သည်ကို အချက်အလက်များအရ တွေ့ရှိရကြောင်း၊ လူဦးရေတိုးပွားမှုကြောင့် မြို့၊ ရွာများတိုးချဲ့ခြင်း၊ ရွှေ့ပြောင်းတောင်ယာများလုပ်ကိုင်ခြင်း၊ ထင်းနှင့်မီးသွေးများ အသုံးပြုခြင်းများသည် သစ်တောဖုံးလွှမ်းမှု လျော့နည်းကျဆင်းလာခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်း၊ ထို့ကြောင့် သစ်တောဖုံးလွှမ်းမှုလျော့နည်းကျဆင်းခြင်းမှ ကာကွယ်နိုင်ရန်အတွက် သစ်တောပြုန်းတီးမှုကို ထိန်းချုပ်ရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင် သစ်ပင်စိုက်ပျိုးခြင်းကိုလည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဤလုပ်ငန်းသည် ချင်းပြည်နယ်အစိုးရအဖွဲ့သစ်၏ ကနဦးလုပ်ငန်းဟုလည်း မှတ်ယူနိုင်ပါကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးတက်ရောက်လာကြသူများအနေဖြင့် သစ်ပင်များစိုက်ပျိုးနိုင်ရေးအတွက် လက်တွေ့ကျကျ မည်ကဲ့သို့ဆောင်ရွက်ရမည်ကို ဆွေးနွေးတင်ပြကြစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦးက နှစ်စဉ်နှစ်တိုင်း သစ်ပင်များ စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးမှုတိုးတက်အောင်ဆောင်ရွက်နေသကဲ့သို့ စိုက်ပျိုးသည့်သစ်ပင်များ ရှင်သန်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး အစီရင်ခံစာ တင်ပြရာတွင်လည်း စိုက်ပျိုးမှုအရေအတွက်နှင့် ရှင်သန်မှုအခြေအနေကိုပါ ထည့်သွင်းရန်လိုအပ်ကြောင်း ဆွေးနွေးတင်ပြသည်။

ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် သစ်တောဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက လမ်းဘေးဝဲ/ယာတွင် ဒေသနှင့်ကိုက်ညီသည့် အရိပ်ရသစ်ပင်များ စိုက်ပျိုးနိုင်ရေးပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဝင်းဇော်ဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးအောင်ကျော်ဌေးနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းဌေးတို့က အကြုံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

( ခရိုင် ပြန်/ဆက် )