ချမ်းအေးသာစံ ဧပြီ ၂၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြည်တွင်းထုတ် ဒီဇယ်ဆီများကို ဆီသယ်ယာဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင်အတွင်းရှိ နွေစပါးစိုက်ဧကကျန်ရှိသည့် တောင်သူများအား အထူးသက်သာသည့် ဈေးနှုန်းဖြင့် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးနေသည့် တမုတ်ဆိုးကျေးရွာအုပ်စု စုရပ်သို့ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်သည် တောင်သူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်သုံးဆီအခက်အခဲများဖြစ်ပေါ်နေချိန်၌ မြန်မာနိုင်ငံတွင်လည်း စက်သုံးအခက်အခဲဖြစ်ပေါ်မှု လျော့နည်းစေရန် နိုင်ငံ တော်က နည်းလမ်းမျိုးစုံဖြင့် စနစ်တကျစီမံဆောင်ရွက်ပေးလျက်ရှိနေပါကြောင်း၊ စားရေရိက္ခာ ဖူလုံရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေသော တောင်သူလယ်သမား ဦးကြီးများအတွက် လိုအပ်သည့် စိုက်ပျိုးရေ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုလိုအပ်ချက်များကို နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဖြည့် ဆည်းပေးနေပါကြောင်း၊ စက်သုံးဆီအခက်အခဲ လျှော့နည်းသက်သာစေရန် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်မြန်မာ့ရေနံဓာတုဗေဒ လုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှ မြို့နယ် ရှိရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)စက်ရုံမှ ထုတ်လုပ်သည့် စက်သုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းဖြစ်ပါကြောင်း၊ နွေစပါးများရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး နွေစပါးစိုက်ပျိုးသောတောင်သူများ စပါးစိုက်ပျိုးရန် မြေပြုပြင်ခြင်းမပြုလုပ်ရသေးသော စိုက်ဧကများ အတွက် ထွန်းယက်နိုင်ရန် တစ်ဧကလျှင်တစ်ဂါလန်နှုန်း စက်မောင်းဆီ(ဒီဇယ်)ကို တောင်သူများ လက်ဝယ်အရောက် လက်ငင်းငွေချေစနစ်ဖြင့် တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်ပါကြောင်း၊ တောင်သူများ အနေဖြင့် စိုက်ပျိုးဧကများ လျော့နည်းမသွားစေရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေး မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျမှန်ကန်စွာ ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမရပူရခရိုင်အတွင်း ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါး စိုက်ပျိုးရေး မြေပြုပြင်ရန်ကျန်ရှိဧက (၇၅၀)ဧကအတွက် နွေစပါးစိုက်ပျိုးစိုက်ပျိုးတောင်သူများကို ပြည်တွင်း ထုတ်စက်သုံးဆီ(ဒီဇယ်)တစ်ဧကလျှင် တစ်ဂါလန်နှုန်း (၁၀၀၀၀ကျပ်)ဖြင့် တောင်သူများ လက်ဝယ်အရောက် လက်ငင်းငွေချေစနစ်ဖြင့် ဂါလန်(၇၅၀)ကို တမုတ်ဆိုးကျေးရွာအုပ်စု စုရပ်တွင် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးနေမှုများ ကိုကြည့်ရှုစစ်ဆေးပြီး တောင်သူများ စက်သုံးဆီဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအလေးထားကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နွေစပါးစိုက်ခင်းအတွင်းသွင်းအားစုများ ကြဲပက်နေမှုများကိုကြည့်ရှုခဲ့သည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်တွင်းထုတ်ဒီဇယ်ဆီများကို ဆီသယ်ယာဉ်ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးစိုက်ပျိုးရေး မြေပြုပြင်ရန်ကျန်ဧကများအတွက် ထွန်ယက်နိုင်ရန် စက်မောင်းဆီ(ဒီဇယ်)ဖြန့်ဖြူးရောင်းချပေးမှုအနေဖြင့် အမရပူရခရိုင်အတွင်း (၇၅၀)ဧကအတွက် (၇၅၀)ဂါလန်၊ မိတ္ထီလာခရိုင် အတွင်း(၁၃၀၀)ဧကအတွက်(၁၃၀၀)ဂါလန်၊ညောင်ဦးခရိုင်အတွင်း(၅၇၅)ဧက အတွက် (၅၇၅)ဂါလန်၊ ရမည်းသင်းခရိုင်အတွင်း (၂၂၁)ဧကအတွက် (၂၂၁) ဂါလန် စုစုပေါင်းခရိုင် (၄)ခုအတွင်းရှိ နွေစပါးစိုက်ပျိုးရေး မြေပြုပြင်ရန် (၂၈၄၆)ဧကအတွက် ဂါလန်ပေါင်း (၂၈၄၆)ဂါလန်ကို အထူးသက်သာသော ဈေးနှုန်းတစ်ဂါလန်ကျပ်(၁၀၀၀၀)နှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)