ကမမောင်း ဧပြီ ၂၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မြန်မာနှစ်ဆန်း ၃ ရက်နေ့၊ ညနေ ၃ နာရီ အချိန်က မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာအရ သက်ကြီးမိဘ၊ ဘိုးဘွား၊ ဆရာသမားအပေါင်း တို့အား ရိုသေ လေးစားစွာ ရှိခိုးကန်တော့သည့် ပူဇော်ပွဲအခမ်းအနားကို ကမမောင်းမြို့ အာလောကာရာမ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပူဇော်ခံ အဘိုးအဘွားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွှတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ခဲ့ပြီး အာလောကာရာမကျောင်း ဆရာတော်ထံမှ တက်ရောက်လာသော ဘိုးဘွားများနှင့် ဧည့်ပရိသတ် အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဦးက ဆရာတော်ထံ လှူဖွယ်ဝတ္ထုပစ္စည်းဆက်ကပ်လှူဒါန်းခဲ့ပြီး တတ်ရောက်လာသောသူများက မိဘဘိုးဘွားဆရာသမားအပေါင်းတို့အား လှူဖွယ်ပစ္စည်းများလှူဒါန်းပူဇော်ကာ သက်ကြီးပူဇော်ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြရာ ကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုပေးစကားများပြောကြားပေးပြီး ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့ပေါ်ရပ်ကွက်များမှ အသက်(၈၀)နှစ်နှင့်အထက် အဘိုး၊ အဘွား (၈၂)ဦးအား တစ်ဦးလျှင်ငွေကျပ်(၄၅၀၀၀)နှင့်လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပြီး အခမ်းအနား သို့ မတက်ရောက်နိုင်သည့် ဘိုး/ဘွားများ အားအိမ်တိုင်ရာရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကမမောင်း(ပြန်/ဆက်)